သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာပါမည်

 

 

မော်ကျွန်းမြင့်အောင်

 

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံတွင် ဘိုးစဉ်ဘောင်ဆက် လယ်ယာစိုက်ပျိုးခဲ့ကြရာ၌ သီးနှံအထွက်နှုန်း တိုးတက်စေရန် ဓာတ်မြေဩဇာများကို လွန်လွန်ကဲကဲ အသုံးပြုလာခဲ့ကြသည်။ ထို့အတွက် မြေဆီ မြေနှစ်များ၊ မြေဆီလွှာများ၏ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုပိုင်းဆိုင်ရာ၊ ဇီဝဆိုင်ရာ ဂုဏ်သတ္တိများသည် တဖြည်းဖြည်း ထိခိုက်လာခဲ့ကြသည်။ ဓာတုဓာတ်ကြွင်းများ ကျန်ရစ်ခဲ့သဖြင့် မြေဆီလွှာတို့မှာ ယခင်ကလို မကောင်းမွန်တော့ဘဲ ပို၍ ပို၍သာ ဓာတ်မြေဩဇာများကို တိုးတက်သုံးစွဲနေကြရသည်။

 

ထို့အတူ မိမိတို့နိုင်ငံတွင် ရာသီဥတုပြောင်းလဲမှု များကြောင့်  သဘာဝအရင်းအမြစ်များ  ဆုံးရှုံးမှု ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့်လည်း စဉ်ဆက် မပြတ် စိုက်ပျိုးထုတ်လုပ်မှုများ ရရှိရန်စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရမည်ဖြစ်သည်။ သို့မှသာ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးလုပ်ငန်းများ  ရရှိခြင်းနှင့်  မြေဆီလွှာ ကောင်းမွန်ခြင်း၊ အပင်အာဟာရ ကောင်းစွာရရှိခြင်းတို့ရှိမည်ဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ပါသည်။

 

တောင်သူများ  စိုက်ပျိုးထုတ်လုပ်သည့် သီးနှံအထွက်နှုန်းတိုးတက်စေရန်အတွက်  မြေသားဖွဲ့စည်းတည်ဆောက်မှု ကောင်းမွန်သည့် ထွန်ယက် မှုပုံစံ၊ သီးနှံပင် အကြွင်းအကျန်များကို မြေတွင်းသို့ထည့်သွင်းစိုက်ပျိုးခြင်း၊ အပေါ်ယံမြေသားများ တိုက်စား ပျက်စီးဆုံးရှုံးခြင်းကို ကာကွယ်ရန် သစ်ဆွေးဓာတ်များ လုံလောက်အောင် ထည့်သွင်းခြင်းနှင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုဇီဝသက်ရှိများ၊ အပြင်အာဟာရဓာတ် လည်ပတ်ပုံစံ ကောင်းမွန်စေခြင်းတို့ကိုလည်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 

မြေဆီလွှာ အင်အားဖြည့်တင်းမှုအတွက် ဖြည့်တင်းနိုင်သည့် အရာများအနက်တစ်ခုမှာ သက်တမ်းတိုအတွင်း ကြီးထွားမှု မြန်ဆန်၍ နိုက်ထရိုဂျင်ပမာဏ များပြားသည့် သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်)ကို နှံစားနှင့် သီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်းနှင့် မြေဖုံးပင်အဖြစ် စိုက်ပျိုးခြင်းတို့ဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အကျိုးများ စေမည်ဖြစ်ပါသည်။

 

သစ်စိမ်းမြေဩဇာဆိုသည်မှာ အကြီးမြန်၊ ဆွေးမြည့်လွယ်သည့် ဇီဝဒြပ်ထု(Biomass) အထွက် များရရှိသည့် အပင်များ ကြဲပက်စိုက်ပျိုး၊ ထယ်ထိုး မြေမြှုပ်ခြင်းဖြင့် မြေဆီလွှာ ကျန်းမာရေးကို မြှင့်တင်ပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ အရပ်ရပ် တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မြေကြီး အတွင်း ထည့်သွင်းနိုင်ရေး အသိပညာပေး ဆွေးနွေး ပွဲများပြုလုပ်ခြင်း၊ မျိုးစေ့များပေးအပ်ခြင်းတို့ကို စိုက်ပျိုးရေးဦးစီးဌာနများက ပညာပေးလျက် ရှိသည်ကိုလည်း မြင်တွေ့ရသည်။

 

သစ်စိမ်းမြေဩဇာ

 

ထို့အတွက် တောင်သူများအနေဖြင့် သစ်စိမ်းမြေဩဇာကို လယ်မြေများတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန် စိုက်ပျိုးရေးပညာရှင်များက အကြံပြုကြ သည်။ လယ်ယာမြေများတွင် နှစ်ရာသီ၊ သုံးရာသီ ဆက်တိုက်စိုက်ပျိုးလာပါက လယ်ယာမြေ၏ မြေဆီလွှာတို့မှာ ပျက်စီးဆုံးရှုံးမှု လျော့နည်း၍ မြေဆီလွှာကျန်းမာရေးကိုလည်း ထိန်းသိမ်း ကာကွယ်ရာရောက်မည်ဖြစ်သည်။

 

သစ်စိမ်းမြေဩဇာ၏ မူလအရည်အသွေးများစွာ ရှိပါသည်။ ပိုက်ဆံလျှော်ပင် စိုက်ပျိုးထားပါက ပေါင်းပင်များပေါ်မှ ပိုမိုကြီးထွားလေ့ရှိသဖြင့် ပေါင်းပင်ပေါက်ရောက်မှုကို လျော့ပါးစေပြီး လယ်မြေများအတွင်း ထည့်သွင်းထားပါက သဘာဝ မြေဩဇာများ၊ မြေဆွေးများနှင့် နွားချေးများ လိုက်လံထည့်သွင်းပေးရသည်ထက် လုပ်အားခ သက်သာခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်းတို့အပြင် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ကျစေသည့်အတွက် ကုန်ကျစရိတ်များစွာ သက်သာစေမည်ဖြစ်သည်။

 

အကျိုးကျေးဇူးများပြား

 

ပိုက်ဆံလျှော်ကို နိုင်ငံအချို့တွင် သစ်စိမ်းမြေဩဇာအဖြစ်သာမက စက္ကူ၊ ကြိုး၊ ပိုက်ကွန်နှင့်ဖျာများအတွက် လျှော်ပင်အဖြစ်လည်း အသုံးပြုကြသည်ကို မြင်တွေ့ရသည်။

 

စာရေးသူလက်လှမ်းမီသမျှ တောင်သူများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကို တင်ပြရလျှင်

 

  • မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ် များ မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်း
  • မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေဆီလွှာပျက်စီးမှုကို ကာကွယ် ပေးခြင်း
  • မြေညံ့များတွင် စိုက်ပျိုးထွန်ယက်မြေမြှုပ် ပေးပါက မြေဆီလွှာအရည်အသွေးကို တိုးတက်စေခြင်း
  • မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်း ပေးရုံသာမက သစ်ဆွေးဓာတ်ကိုလည်း တိုးတက်စေကာ မြေသားဖွဲ့စည်းမှု တိုးတက်ကောင်းမွန်ခြင်း
  • လေထုအတွင်းရှိ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးနိုင်သည့်အတွက် မြေဆီလွှာကို နိုက်ထရိုဂျင် ဖြည့်တင်းပေးရာ ရောက်ခြင်း စသည်တို့ကို ရရှိစေမည်ဖြစ်ပါသည်။

 

လွယ်ကူစွာ စိုက်ပျိုးနိုင်

 

တောင်သူများအနေဖြင့် ပိုက်ဆံလျှော် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့သုံးလေးပြည်နှုန်း အသုံးပြုနိုင်ကာ တစ်ဧကလျှင် တန်းကြားတစ်ပေခွဲခြား၍ ကြွက်မြီးတန်းစနစ်ဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်သည်။ နှစ်ပတ်သားခန့်တွင် ခြောက်လက်မခြား တစ်ပင်ချန် သားခွဲပေးရန် လိုအပ်ပါသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အသီးတောင့်များ ရိတ်သိမ်း နိုင်ပြီး အခြောက်ခံ ခြွေလှေ့သန့်စင်၍ မျိုးစေ့အဖြစ် ပြန်လည် အသုံးပြုနိုင်ပါသည်။ တစ်ဧကလျှင် မျိုးစေ့အထွက်နှုန်း ရှစ်တင်းမှ ၁၀ တင်းအထိ ထွက်ရှိနိုင်ကြောင်း သိရှိရသည်။ ပိုက်ဆံလျှော်မှာ နေ့တာတိုအပင်မျိုးဖြစ်သဖြင့် နေ့တာ အတိုအရှည် ပေါ်မူတည်၍ ပန်းပွင့်ချိန်ကွာခြားနိုင်သည့်အပြင် မျိုးစေ့ကို တစ်နှစ်လျှင်တစ်ကြိမ်သာ မျိုးစေ့ထုတ် အဖြစ် စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။

 

သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြိုက်နှစ် သက်သည့် မြေအမျိုးအစားမှာ PH- ၈ ဒသမ ၅ လယ်ဗယ်ရှိသည့် မြေအမျိုးအစားကို ကြိုက်နှစ်သက်၍ နုန်းမြေမှာ အသင့်တော်ဆုံးဖြစ်သည်။ ထို့ပြင် မြေညံ့၍ သဲဆန်သည့် ဒေသများတွင် အခြားသီးနှံများ စိုက်ပျိုးမဖြစ်ထွန်းလျှင်ပင် ပိုက်ဆံလျှော်မှာမူ စိုက်ပျိုး၍ရသည့် ဒေသမရွေး စိုက်ပျိုးနိုင်သော ပိုက်ဆံလျှော်ပင် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရန် အတွက် ပိုက်ဆံလျှော် စိုက်ပျိုးခြင်းဖြင့်လည်း အကောင်းဆုံး ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။

 

ဧရာဝတီ၌ စိုက်ပျိုးအသုံးပြုလျက်ရှိ

 

မိမိတို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လည်း သစ်စိမ်းမြေဩဇာအသုံးပြုမှု တွင်ကျယ်လာစေရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကာ ပြီးခဲ့သည့် ဧပြီလအတွင်း ဧရာဝတီတိုင်းဒေသကြီး စပါးအောင်မြေများဖြစ်သည့် မော်လမြိုင်ကျွန်းနှင့် ဖျာပုံမြို့နယ်တို့က စံပြကျေးရွာများတွင် သရုပ်ပြပွဲများ ကျင်းပပေးခဲ့သည်ကို မြင်တွေ့ရသည်။

 

သရုပ်ပြကွင်းဆင်းပွဲများအတွင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက အသိပညာပေး ဆွေးနွေးခဲ့ကြ သည်။ ဒေသခံတောင်သူများကလည်း စိတ်ပါဝင် စားစွာ ပူးပေါင်းပါဝင်ကြကို အားရဖွယ် တွေ့ရှိ ရသည်။ လယ်ယာကဏ္ဍသည် မိမိတို့နိုင်ငံ၏ အဓိက စီးပွားရေးမောင်းနှင်အားတစ်ခုပင် ဖြစ်ပါသည်။ ထို့အတွက် မြေဆီမြေနှစ် ပြည့်ဝရေး၊ စိုက်ပျိုးရေး အတွက် မြေဩဇာသွင်းအားစုများ ကုန်ကျစရိတ် သက်သာရေး၊ သီးနှံအထွက်နှုန်း မြင့်မားရေးတို့ အတွက် လယ်ယာမြေများ၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များကို ထည့်သွင်းသုံးစွဲခြင်းဖြင့် လယ်ယာကဏ္ဍကို မြှင့်တင်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါတော့သည်။ ။