သစ်ပင်ပေါက်ရောက်မှု နည်းပါးသောနေရာများတွင် သစ်စေ့မြေလုံးများ ကြဲဖြန့်စိုက်ပျိုး

မင်းဘူး   ၂၇   ဇွန်              

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းများနှင့် ကြိုးပြင် ကာကွယ်တောများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ များပြားလာစေရန် ရည်ရွယ်၍ သစ်ပင်ပေါက်ရောက်မှု နည်းပါးသော နေရာများတွင် သစ်စေ့မြေလုံး (Seed Ball) များကို ဆူးထိုးစိုက်ပျိုးခြင်းနှင့် ကြဲဖြန့်စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

mdn

 

“မင်းဘူး (စကု) မြို့နယ်အတွင်းမှာ သစ်တောကြိုးဝိုင်း ၂ ခုနဲ့ ကြိုးပြင်ကာကွယ်တော ၃ ခု ဆိုပြီးရှိပါတယ်၊ အဲဒီထဲမှာရှိတဲ့ တောင်းကုန်းတောင်တန်းနဲ့ တောင်စွယ်တွေမှာ သစ်ပင် ပေါက်ရောက်မှု နည်းပါးတဲ့နေရာတွေကို မြေဆွေးနဲ့မျိုးစေ့တွေ ရောစပ်ထားတဲ့ သစ်စေ့ မြေလုံးတွေကို ဆူးထိုးစိုက်ပျိုးခြင်း၊ ကြဲဖြန့်စိုက်ပျိုးခြင်း အားဖြင့် မိုးရေရရှိတဲ့အခါမှာ သစ်ပင် ပေါက်ရောက်မှု ကောင်းမွန်ပြီး သစ်တောဖုံးလွှမ်းမှု ကျယ်ပြန့်လာစေဖို့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးတာပါ၊ မစိုက်ခင်မှာတော့ မြေဆွေးစုဆောင်းခြင်း၊ သစ်စေ့မြေလုံးပြုလုပ်ခြင်း၊ နေလှန်း အခြောက်ခံခြင်းနဲ့ စိုက်ကွက်ဧရိယာ ရှင်းလင်းခြင်းတွေ ပြုလုပ်ပြီး အလေ့ကျ ပေါက်ရောက်မှု အားကောင်းတဲ့ ရှား၊ ဘောစကိုင်းနဲ့ ကန္တာရမျိုးစေ့တွေကို ရွေးချယ်ပြုလုပ်ပြီးတော့ သစ်စေ့ မြေလုံး စုစုပေါင်း ၂၀၀၀ ကို စိုက်ပျိုးခဲ့တာပါ၊ ဆက်လက်ပြီး ကျန်ရှိနေသေးတဲ့ နေရာတွေကိုလည်း ဆက်လက်စိုက်ပျိုးသွားမှာဖြစ်ပါတယ်” ဟု မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးဝင်းအောင်မှ ပြောပြသည်။

 

 

မင်းဘူး (စကု) မြို့နယ်အတွင်း မြောက်စားပွက်ကြိုးဝိုင်း၊ (ပုဂံဂံ) ကြိုးဝိုင်းနှင့် လေးပင်-အိုင်းမကြိုးပြင်ကာကွယ်တော၊ ပဒေါင်း-ပျော်ပွယ်ကြိုးပြင်ကာကွယ်တော၊ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင် ကာကွယ်တော ဟူ၍ရှိပြီး အဆိုပါ စိုက်ပျိုးမှုများကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ကာ ယခုနှစ်မိုးကုန်ကာလအထိ ဆက်လက်စိုက်ပျိုးသွားဖြစ်ကြောင်း သိရသည်။

 

မောင်မောင် (မင်းဘူး)