သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး တစ်နှစ်လျှင် သစ်နှစ်ပင်စိုက် ရွှေတိုက်ကိုစိုး

 

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

 

တစ်နှစ်မှာ သစ်ပင်နှစ်ပင်စိုက်

 

ကမ္ဘာကြီးပူနွေးတာရဲ့ အကြောင်းတရားနံပါတ် (၃)ကတော့ သစ်တောဟက်တာ သုံးဘီလီယံ ပျက်ပြုန်းသွားခဲ့တာပဲ။ ၁၉၀၀ ပြည့်နှစ်မှာ သစ်တောဟက်တာ ခြောက်ဘီလီယံရှိရာက ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဟက်တာ သုံးဘီလီယံပဲ ကျန်ပါတော့တယ်။ ကျန်ရှိတဲ့ သစ်တောဟက်တာ သုံးဘီလီယံဟာ လေထုတွင်းက ပုံမှန်ရှိနေတဲ့ ကာဗွန်ဓာတ်ငွေ့ကို စုပ်ယူနိုင်စွမ်းကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာကြီးပူနွေးဖို့အကြောင်းတရား ဖြစ်ပါတယ်။

 

သစ်တောဟက်တာနည်းရတာရဲ့ အကြောင်း တရားကလည်း−

 

-   ကျေးလက်ထင်းမီးသွေးအဖြစ် အသုံးပြုခြင်း၊

- တောင်စွယ်တောင်ကုန်းတွေမှာ တောမီးရှို့ ရွှေ့ပြောင်းတောင်ယာကြောင့် သစ်တော သစ်ပင်တွေ ပျက်ပြုန်းခြင်း၊ ပျောက်ဆုံးခြင်း၊

-   စားကျက်မြက်ခင်း ဖော်ထုတ်ခြင်း၊

- စိုက်ပျိုးရေး စီမံကိန်းတွေရဲ့ လိုအပ်ချက်အရ တောရှင်းရခြင်း၊

- တရားဝင် သစ်ခုတ်ခြင်း၊

- မြို့ပြဧရိယာတွေအတွက် သစ်တောဧရိယာတွေ လျော့နည်းလာခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

 

ကမ္ဘာအရပ်ရပ်စံနှုန်းကတော့ အသက် ၁၁ နှစ်နဲ့ အသက် ၆၀ ရှိ အမျိုးသား အမျိုးသမီးတိုင်းဟာ တစ်နှစ်မှာ သစ်ပင်နှစ်ပင်စိုက်ကြဖို့ ဘွဲ့ရတစ်ဦးဟာ သူပညာသင်ခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်ကျောင်း ပရဝဏ်အတွင်းမှာ သစ်ပင်ဆယ်ပင် စိုက်ခဲ့ရမယ်လို့ သတ်မှတ်ချက်တွေ ရှိပါတယ်။

 

ကျေးဇူးဆပ်ရာရောက်

 

မြန်မာနိုင်ငံမှာ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၈၀ နီးပါးရှိရာ တက္ကသိုလ်၊ ကောလိပ်တစ်ခုမှာ ပျမ်းမျှဘွဲ့ရသူအောက်ထစ် တစ်ရာပဲရှိတယ်ဆိုပါစို့။ အဲဒီတက္ကသိုလ်မှာ နှစ်စဉ် သစ်ပင်တစ်ထောင် ပေါက်နေမှာဖြစ်ပါတယ်။ လက်တွေ့မှာ ဒီပမာဏအထိ မရှိဘူးဆိုတာ အလွယ်တကူမြင်နိုင်ပါတယ်။ အကယ်၍ သစ်ပင်တစ်ထောင် နှစ်စဉ်ဖြစ်ထွန်းနေတော့ စိုက်စရာမြေ နေရာမရှိဘူးလို့ စောဒကတက် နိုင်ပါတယ်။ ဒါပေမယ့် သူ့ဒေသမြို့ရွာမှာ ပြန်ရောက်လို့ သစ်ပင်စိုက်ခဲ့ရဲ့လားမေးရင် တက္ကသိုလ်တစ်ခုရဲ့ ဟောပြောပွဲ ပရိသတ်ထဲမှာ လက်ညှိုးထောင်သူ ငါးဦးထက်မပိုတာကို တွေ့မြင်ခဲ့ရပါတယ်။

 

တကယ်တော့ တက္ကသိုလ်ကျောင်းသားရယ်၊ အခြေခံကျောင်းသားရယ်ဆိုပြီး ကွက်ပြောတာမဟုတ်ပါဘူး။ သူနေခဲ့တဲ့ကျောင်းမှာ ရေမြေလွယ်ကူ စွာရနိုင်တယ်။ ကမ္ဘာ့လူသားတစ်ယောက်၊ အမျိုးသား အမျိုးသမီးတိုင်းဟာ ကမ္ဘာ့စံနှုန်းဖြစ်တဲ့ “တစ်ယောက် တစ်နှစ်သစ်ပင်နှစ်ပင်” စိုက်ကြရင် လူသားတစ်ယောက်အနေနဲ့ ကမ္ဘာကြီးကို ပူနွေးမှုဒဏ်က ကာကွယ်စောင့်ရှောက်ရာရောက်၊ ဒီကမ္ဘာမှာနေရတဲ့ ကျေးဇူးဆပ်ရာ ရောက်တယ်လို့ဆိုလိုခြင်း ဖြစ်ပါတယ်။

 

ဒါကြောင့် ဝန်ကြီးဌာနတွေ အဖွဲ့အစည်း အသီးသီးဟာ လူထုအားကိုရယူကာ မြန်မာပြည်အောက်ပိုင်း နေပြည်တော်ကောင်စီ နယ်မြေအထိ မိုးလေး တဖြိုက်ဖြိုက်အောက်မှာ မေလကုန် လောက်ကစပြီး တပ်မတော် ကြည်း၊ ရေ၊ လေ က သစ်ပင်တွေကို စတင်လှုပ်ရှား စိုက်ပျိုးခဲ့တာ တွေ့မြင်ရပါတယ်။ အမြော်အမြင်နဲ့ တစ်နိုင်ငံလုံး နှစ်စဉ် ဇူလိုင်လ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲရယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်းက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ မိသားစုပုံစံနဲ့ ကံ့ကော်ပင်တွေ စိုက်ကြတာတွေ့မြင်ရ‌တော့ ယခင်က ပဲခူးရိုးမတောင်စွယ်တောင်တန်းဟာ သစ်တောသစ်ပင်တွေကြားမှာ ယမ်းငွေ့နံ့တွေနဲ့ မွန်းကျပ်နေရာက နောင် ၁၅ နှစ်၊ နှစ်နှစ်ဆယ်မှာ ပန်းပိတောက်နဲ့ ကံ့ကော်ပန်းရနံ့တွေနဲ့ သင်းပျံ့မွှေးကြိုင်လာမှာ ဖြစ်ပါတယ်။

 

 ကမ္ဘာ့လှုပ်ရှားမှုအသွင်ဖြစ်လို့ ကိုယ့်ဒေသတွင်း ကိစ္စ၊ ကိုယ့်ဒေသ ကိုယ့်ရပ်ရွာတွေနဲ့ တက္ကသိုလ်၊ ကျောင်းပရဝဏ်တွေ၊ လမ်းမကြီးတွေဘေးမှာ လူထု လူမှုအဖွဲ့အစည်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေက အိုးစည်ဗုံမောင်းနဲ့ နှစ်စဉ်ပါဝင် စိုက်ပျိုးကြခြင်းအားဖြင့် ကမ္ဘာကြီးပူနွေးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းတွေ မကြာခဏဖြစ်ပေါ်ခြင်း၊ တောမီးလောင်ခြင်း ဘေးအန္တရာယ်က ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သစ်ပင်တွေစိုက်ကြရင် အရိပ်အာဝါသရလို့ အေးမြတဲ့အပြင် လေထုထဲလည်း အောက်ဆီဂျင် ပိုပြီးရောက်သွားတော့ လေဟာ သန့်ရှင်းလာမယ်။ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေလည်း ကင်းစင်လာမယ်။

 

လူနေမှုဘဝပုံစံနဲ့ အနာဂတ်ကမ္ဘာ

 

 ကမ္ဘာ့လူဦးရေဟာ ၂ ဒသမ ၅ ဘီလီယံပဲဖြစ်ဖြစ်၊ ခြောက်ဘီလီယံပဲဖြစ်ဖြစ် လူတစ်ဦးချင်းဟာ လှုပ်ရှားမှု တစ်ခုမဟုတ်တစ်ခုနဲ့ ကင်းနိုင်ကြတာ မဟုတ်။ လူတို့ဟာ အပြောကျယ်လှတဲ့ ရုက္ခသတ္တ လောကကြီးထဲမှာ နက်ရှိုင်းစွာ ယှက်နွှယ်မှုတွေနဲ့ နှောင်ဖွဲ့ထားတာ ဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်ဟာ တကယ်တော့ သီးခြားစီမဟုတ်၊ နက်ရှိုင်းပြီး ကွန်ရက်သဖွယ် ယှက်နွှယ်ဆက်စပ်နေမှုကို လူ့ပတ်ဝန်းကျင်လို့ခေါ်တာပဲ ဖြစ်ပါတယ်။ ကောင်း တာမှန်သမျှ စားချင် ဝတ်ချင် လှချင်သူတွေကြီးထွား လာပါတယ်။ မြန်မြန်သွားချင်သူတွေ၊ မြင့်မြင့်မှာ နေချင်သူတွေ၊ မြို့ပြမှာ နေချင်သူတွေများသထက် များလာပါတယ်။ သွားလာနေထိုင်ရေးကအစ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ကားတဝီဝီနဲ့ မောင်းနှင် လိုကြတဲ့ဆန္ဒအဆုံး အကျုံးဝင်သူတိုင်းဟာ လေထုတွင်းကို ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့တွေ ထုတ်လွှတ်တာကို ကာဗွန်ခြေရာအဖြစ်၊ ဒီကာဗွန် ခြေရာအကြီးအသေးဟာ ရာသီဥတုပူနွေးမှုကို ထင်ဟပ်စေပါတယ်။

 

လေကောင်းလေသန့် ရေကောင်းရေသန့်ရှိတဲ့ တောအရပ်ကို ပစ်ပယ်ပြီး ငွေရလွယ်သော်လည်း နံစော်နေတဲ့မြို့ကို ပြောင်း လာကြပါတယ်။ လူနေမှုဘဝပုံစံဟာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတယ်လို့ ပြောတာဖြစ်ပါတယ်။

ညနေပိုင်း အပန်းဖြေစားသောက်ဆိုင်မှာ ဘီယာတစ်ကြိုက် အသားကင်တစ်ကိုက်၊ စားသောက်လေပန်းတဲ့ ဘဝပုံစံတစ်ခုကလည်း ကာဗွန်ဒိုင်အောက်ဆိုက် ၃၀၀ ဂရမ်၊ ပုလင်းဘီယာဆိုရင် ၅၀၀ ဂရမ်၊ နိုင်ငံခြားကတင်သွင်းတဲ့ဘီယာဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် (ကာဗွန်ဓာတ်ငွေ့) ၉၀၀ ဂရမ်အထိ ထွက်ပါတယ်။

 

 ကုန်တိုက်စင်တာကြီးတွေမှာ တစ်ဒေါ်လာတန် ပစ္စည်းတွေဝယ်ရင်လည်း ကာဗွန်ဓာတ်ငွေ့ဟာ ၆၅၀ ဂရမ် ထုတ်လွှတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ သယ်ယူပို့ဆောင်ရေးကြောင့် ကာဗွန်ဓာတ်ငွေ့ထွက်တာကို ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းထွက် ကိုယ့်အနီးအနားဒေသတွင်းက ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်သမျှ‌ ရောင်းကြဝယ်ကြရင် သယ်ယူစရိတ်ကျဆင်း၊ လောင်စာဆီသုံးရတာနည်းလာတော့ ကာဗွန်ဓာတ်ငွေ့ အထွက်နည်းလို့ ရာသီဥတုပူနွေးမှုကို လျှော့ချရာရောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အသီးအရွက်ဝယ်မယ်ဆိုရင်တောင် ပြည်တွင်းဒေသထွက် စိုက်ပျိုးသီးနှံကို ဝယ်ယူစားသုံးသင့်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံရဲ့စပါးစိုက်ပျိုးရေး

 

အလွန်အလျဉ်းသင့်တဲ့ ဥပမာတစ်ခုကတော့ ဂျပန်နိုင်ငံရဲ့စပါးစိုက်ပျိုးရေး လက်မလွှတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဂျပန်ဟာ ထိုင်းနဲ့အမေရိကန်က ဆန်ဝယ်စားရင် စျေးအလွန်သက်သာပါတယ်။ ဂျပန်ဆန်ဟာ စျေးကြီးတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ထိုင်းကဆန်နဲ့ အမေရိကန်ဆန်ကို ဝယ်မစားပါဘူး။ ပြည်တွင်းထွက် ဂျပန်ဆန်ကို ဝယ်စားတာရဲ့ အကြောင်းတရားက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်သာမက တစ်နိုင်ငံက တစ်နိုင်ငံသို့ ဆန်စပါးကို ရေကြောင်းက သယ်ဆောင်ရာမှာ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ မသုံးရတာကပင် လေထုထဲ ကာဗွန်ဓာတ်ငွေ့ အရောက်နည်းသွား စေဖို့ပါပဲ။ ဒါဟာ ကြီးမားတဲ့ရည်ရွယ်ချက်၊ ကမ္ဘာကြီး ပူနွေးခြင်းက ကာကွယ်ခြင်းလို့ဆိုပါတယ်။

 

၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒီဇယ်ဓာတ်ဆီနဲ့စက်တွေမောင်း၊ မြစ်ရေတင် စီမံကိန်းနဲ့ နွေစပါးစိုက်ပျိုးရေးကို အကြီးအကျယ် ဆောင်ရွက်ခဲ့လို့ ဆန်ရေစပါးပြည့်စုံခဲ့ပါတယ်။ ဒါဟာ ကာဗွန်သံသရာကို ကောင်းစွာနားလည်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီဇယ်နဲ့ဓာတ်ဆီဟာ စက်ထဒလောင်ကျွမ်းတော့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်၊ စပါးပင်တွေက အဲဒီကာဗွန်ဓာတ်ငွေ့ကိုစုပ်ယူ၊ စပါးဆန်ထုတ်ပေး၊ လူတွေစားတော့ ကာဗွန်ဓာတ်ငွေ့ ပြန်လည်ထုတ်ပေးတဲ့ ဒီဖြစ်စဉ်ဟာ တစ်ပတ်လည်ဖို့ နှစ် ၃၀၀ ကြာတယ်လို့ သိပ္ပံသဘောအရ သိရ ပါတယ်။

 

သိပ္ပံနည်းကျ တိုင်းတာချက်များအရ −

 

လက်ကိုင်ဖုန်းနဲ့ တစ်နေ့ နှစ်မိနစ်ခန့် ပုံမှန်ဆက်သွယ်ပြောဆိုခဲ့ရင် တစ်နှစ်ကြာတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ ၄၇ ကီလို ဂရမ် ထုတ်လွှတ်တာနဲ့ညီမျှပါတယ်။ ဘာကြောင့် လဲ ဒီလက်ကိုင်ဖုန်းကို လျှပ်စစ်အားသွင်းရလို့ပဲ။

 

သောမတ်အယ်ဒီဆင် တီထွင်ခဲ့တဲ့ တစ်ရာဝပ် မီးသီးကိုသုံး တစ်နှစ်တာ မီးမပိတ်မိခဲ့ရင် ကာဗွန်ဓာတ်ငွေ့ပမာဏ ၅၀၀ ကီလိုဂရမ်၊ မြန်မာအခေါ် အီကြာကွေး မီးလုံးသုံးခဲ့လို့ မီးမပိတ်မိခဲ့ရင် ကာဗွန်ဓာတ်ငွေ့ပမာဏ ၉၀ ကီလိုဂရမ် ထွက်ပါလိမ့်မယ်။

 

ကိုယ်ပိုင်မော်တော်ကားကို တစ်နှစ် မိုင်ပေါင်း ၉၀၀၀ မောင်းခဲ့ရင် ထိုသူဟာ နှစ်စဉ် သစ်ပင် ၂၅ ပင် စိုက်ရမယ်လို့ ကာဗွန်ခြေရာအရ သိရ ပါတယ်။ လေထုထဲ ကာဗွန်ဓာတ်ငွေ့တန်ချိန် ၁၂ တန် ထုတ်လွှတ်တဲ့ မော်တော်ကားပိုင်ရှင်ဟာ တစ်နှစ်သစ်ပင် ၂၅ ပင်ကိုတော့ ဖြစ်အောင် စိုက်သင့်ပါတယ်။

 

တကယ်တော့ လောင်စာဆီအများအပြားသုံး၊ ဇိမ်ခံကားစီးတဲ့သူကိုယိုးမယ်ဖွဲ့တာ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမဆို အရာရှိလူကြီး၊ လုပ်ငန်းရှင်ကြီး တစ်ဦးဟာ တစ်နေ့ ဆီနှစ်ဂါလန်၊ တစ်လ ဆီဂါလန် ၆၀ သုံးကာ အနည်းဆုံး ခရီးမိုင် ၇၅၀ ပေါက်ပါတယ်။ ကာဗွန်ဓာတ်ငွေ့ တစ်တန်လည်း လေထုထဲ ရောက်လာပါတယ်။ တစ်နှစ်ကုန်ရင် ဒီကားပိုင်ရှင် ဟာ ခရီးမိုင် ၉၀၀၀ ပေါက်ပါတယ်။ လိုအပ်လို့ ဒီလောက် ဓာတ်ဆီလောင်စာကို သုံးရတာဖြစ်သော် လည်း ကာဗွန်ဓာတ်ငွေ့တန်ချိန် ၁၂ တန် လေထုထဲ ထုတ်လွှတ်မိလျက်သား ဖြစ်သွားပါတယ်။ သိပ္ပံ နည်းကျတွက်ချက်မှုအရ ၁၂ တန်သော ကာဗွန် ဓာတ်ငွေ့ကို သစ်ပင်ကသာစုပ်ယူနိုင်တာကြောင့် ဒီလုပ်ငန်းပိုင်ရှင် အရာရှိကြီးဟာ တစ်နှစ်သစ်ပင် ၂၅ ပင် စိုက်ရပါမယ်။

 

ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ရုံးတွေမှာလည်း ရုံးဝန်ထမ်းတွေ၊ ပြည်သူတစ်ဦးချင်း လျှပ်စစ်သုံးတဲ့သူတိုင်းဟာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ် တဲ့ကိစ္စရှိကြတာမို့ ကမ္ဘာကြီးပူနွေးလာပါမယ်။ ရာသီဥတုဖောက်ပြန်တာတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ သိထားဖို့၊ ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ထုတ်ရတဲ့နိုင်ငံတွေ၊ မော်တော်ယာဉ်ကြီး၊ ငယ်တွေ အလွန်အကျွံသုံးတဲ့နိုင်ငံတွေမှာ လောင်စာဆီနဲ့ လျှပ်စစ်သုံးကြရင် ကာဗွန်ဓာတ်ငွေ့ထွက်တာ၊ ထုတ်လွှတ်တဲ့ ကာဗွန် ဓာတ်ငွေ့ကို စုပ်ယူနိုင်တဲ့ သစ်တောသစ်ပင်တွေကို စိုက်ကြရမယ်ဆိုတာသိဖို့ အသေးစိတ်ရေးရတာ ဖြစ်ပါတယ်။ ရေရှည်ဖွံ့ဖြိုးဖို့ အထိရောက်ဆုံးလှုပ်ရှား မှုကြီးက သစ်ပင်စိုက်ပျိုးတာပဲဖြစ်ပါတယ်။ အနိမ့်ဆုံးအဆင့်မှာတောင် ကိုယ့်ခြံဝင်းအတွင်း ၁၈ ပေ- ၃ ပေအကျယ်မှာ ပန်းပင်အလှတွေ စိုက်ရင်ပဲ ကိုယ့်အိမ်ကထွက်တဲ့ ကာဗွန်ဓာတ်ငွေ့ကို သန့်စင်နိုင်ပြီလို့ ပြောနိုင်ပါတယ်

 

ကမ္ဘာကြီးကို ပူနွေးစေတဲ့ အဓိကဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ကိုယ့်ကြောင့် ပိုမိုမထွက်စေဖို့ လိုအပ်ပါတယ်။ ကိုယ်တစ်ယောက်တည်းအနေနဲ့ မည်သို့မည်ပုံ လျှော့ချနိုင်မယ်ဆိုတာတွေလည်း စဉ်းစားနိုင်မှာဖြစ်ပါတယ်။ ဒီသဘောပဲ သန်းပေါင်းခုနစ်ထောင်ကျော်ရှိတဲ့ ကမ္ဘာ့လူထုဟာ ကာဗွန်ဓာတ်ငွေ့ လျှော့ချတဲ့နည်းတွေကို မမေ့မလျော့ ကျင့်သုံးရမှာဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ လျှော့ချဖို့ကိစ္စဟာ အကြီးမားဆုံး အခက်အခဲပဲ၊ မဖြစ်နိုင်လောက်တဲ့ ကိစ္စဖြစ်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီး ဘေးဒုက္ခအပေါင်းက ကင်းဝေးဖို့၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူထုတွင်းမှာရှိတဲ့ ထုတ်လုပ်ရောင်းချသုံးစွဲသူတိုင်းမှာ တာဝန်ကိုယ်စီရှိကြတာ ကို သိရှိရုံသာမက လိုက်နာကျင့်သုံးရမှာဖြစ်တယ်။

 

မြို့ကြီးပြကြီးတွေမှာ လူထုသုံး ဘတ်စ်ကားလိုင်း၊ မြို့ပတ်ရထား၊ မြေအောက်ရထားလိုင်းတွေနဲ့ ရုံးသွားရုံးပြန်လုပ်ကြရပါမယ်။ ကျောင်း ကြို၊ ကျောင်းပို့ လုပ်ကြရပါမယ်။

 

အပြင်မှာ လွန်စွာပူပြင်းမှ လေအေးစက်ကို အသုံးပြုရပါမယ်။

 

အသီးအနှံ၊ အသား၊ ငါးကို ပြည်တွင်းရွာနီးချုပ်စပ် က ဝယ်ယူသုံးစွဲကြရပါမယ်။

 

လျှော့ - ပြန်လည်သုံးနဲ့ အလီလီသုံးနိုင်တယ် ဆိုတဲ့ (Reduce, Reuse and Recycle) စနစ်ကို ကျင့်သုံးရပါမယ်။

 

ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို ရှေးအရင်ကလို လုပ်နေကြမယ်ဆိုရင် ဆိုင်ကလုန်းတွေနဲ့ တွေ့ရလိမ့်မယ်။ မိုးသည်းထန်၊ မိုးခေါင်တဲ့ဖြစ်ရပ်တွေရေကြီးရေလျှံရေဘေးဒုက္ခတွေကြုံရလိမ့်မယ်။

 

ကောင်းပါပြီ.. ဒီဆောင်းပါးကို ဒီလိုနိဂုံးချုပ်ချင် ပါတယ်။

 

 “ရေမကြွယ် ထင်းမကြွယ်” ဆိုတဲ့အတိုင်း လူတိုင်းလူတိုင်းဟာ ကမ္ဘာကြီးပူနွေးခြင်း၊ ပုံမမှန်ရာသီဥတု ဖြစ်ပေါ်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းတွေ မကြာခဏ တိုက်ခိုက်ခြင်း ဘေးအန္တရာယ်က ကာကွယ် ရာမှာ တစ်ခုသောနည်းလမ်းဟာ ရေနဲ့ လျှပ်စစ် ဓာတ်ကို ခြိုးခြံချွေတာထုတ်လုပ်သုံးစွဲဖို့နဲ့ ကမ္ဘာ့စံနှုန်းဖြစ်တဲ့ “တစ်ယောက်တစ်နှစ် သစ်ပင်နှစ်ပင်” စိုက်ကြရင် ရွှေတိုက်ကို စိုးနိုင် မှာဖြစ်ကြောင်း ရေးသားအပ်ပါတယ်။ ။