သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)၌ ဇီဝမျိုးစုံမျိုးကွဲများ သုတေသနလုပ်ငန်း အထောက်အကူပြု ဇီဝပြတိုက် ဖွင့်ပွဲကျင်းပ

နေပြည်တော် ၁၄ ဇန်နဝါရီ

 

နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ ဇီဝမျိုးစုံမျိုးကွဲများ သုတေသနစင်တာ (Japan Wildlife Research Centre - JWRC) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ဇီဝမျိုးစုံမျိုးကွဲများ သုတေသနလုပ်ငန်း အထောက်အကူပြု ဇီဝပြတိုက်(Bio Museum)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါပြတိုက်အတွင်း ကျင်းပသည်။

 

dfwe6

 

အခမ်းအနားတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာ စန်းဝင်းနှင့် ဂျပန်နိုင်ငံ ဇီဝမျိုးစုံမျိုးကွဲများ သုတေသနစင်တာ(JWRC) မှ  Dr. Sanei Ichikawa တို့က  ဇီဝမျိုးစုံ မျိုးကွဲများသုတေသန အထောက်အကူပြု ဇီဝပြတိုက် (Bio Museum)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ခေတ္တပါမောက္ခချုပ် နှင့် JWRC မှ  Dr. Sanei Ichikawa တို့က အမှာစကားပြောကြားကြပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ရုက္ခဗေဒအဖွဲ့နှင့် သတ္တဗေဒအဖွဲ့မှ ဆရာဆရာမများက ဇီဝမျိုးစုံမျိုးကွဲများ သုတေသန ပြလုပ်ရန်အတွက် ထုတ်လုပ်ထားသည့် အထောက်အကူပြု ပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

gdsht

 

အဆိုပါ ပြတိုက်ငယ်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း)မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာစန်းဝင်းက ကျွန်တော်တို့ ၁၉၉၈ ခုနှစ်က လုပ်တဲ့ Convention of Biodiversity - CBD မှာ လူငယ်တွေဟာ တဖြည်းဖြည်းနဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကို စိတ်ပါဝင်စားမှုနည်းပါးလာတာကို တွေ့ရတယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့တယ်၊ ဘာကြောင့်လူငယ်တွေ စိတ်ဝင်စားမှုလျော့လည်းဆိုတဲ့အချက်ကို စစ်ဆေးကြည့်တဲ့အခါ တိရစ္ဆာန်တွေ၊ အပင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သုတေသနလုပ်ဖို့အတွက် လွယ်လင့်တကူ ဖမ်းဆီးဖို့အတွက် အသုံးပြုမယ့် ပစ္စည်းတွေက မရှိသလောက်ဖြစ်လာတာ အဓိကအကြောင်းရင်း တစ်ရပ်ပါတယ်၊ ဒါကြောင့် လိုအပ်တွေပစ္စည်းလေးတွေ ထုတ်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပရောဂျက်ကိုလုပ် လိုက်တာပါ။ ကျောင်းသူကျောင်းသား တွေဟာ သူတို့ရှေ့မှာ လေ့လာစရာ၊ ဖတ်စရာမရှိဘူးဆိုရင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းဖို့ဆိုတာ ရှိမှာမဟုတ်ဘူး၊ ဒီဇီဝမျိုးစုံ မျိုးကွဲများ သုတေသန အထောက်အကူပြုပြတိုက် လေးဖွင့်လိုက်ခြင်းအားဖြင့် သူတို့လေ့လာဖြစ်တဲ့ အခါကျရင် တော်တော်လေးအကျိုးရှိမယ် ထင်ပါတယ်၊ ဒီပြတိုက်ဟာ ကျောင်းသားတွေရဲ့ နားနေခန်းနဲ့ ကျောင်းသားသမဂ္ဂနဲ့လည်း နီးတာဖြစ်တဲ့အတွက် သူတို့လာကြည့်ဖြစ်တဲ့အခါ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းနည်းတွေကို သိသွားပြီးလို့ရှိရင် သူတို့အတွက် အကျိုးရှိမယ်၊ ကျောင်းသားကျောင်းသူဆိုတာ ကျွန်တော်တို့ရဲ့ အနာဂတ်ဖြစ်တဲ့အတွက် သူတို့လေးတွေမှာ ဇီဝမျိုးစုံမျိုးကွဲ တွေထိန်းသိမ်းရမယ်ဆိုတဲ့ အသိလေးဝင်လာရင် ကျွန်တော်တို့ကဝမ်းသာ နေရမှာပါဟု ပြောကြားသည်။

 

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)နှင့် ဂျပန်နိုင်ငံ ဇီဝမျိုးစုံမျိုးကွဲများ သုတေသနစင်တာမှ ပညာရှင်များ ပူးပေါင်း၍ ဇီဝမျိုးစုံမျိးကွဲများ ထိန်းသိမ်းရေးနှင့် သုတေသန လုပ်ငန်းများ၌ အထောက်အကူဖြစ်စေရန်အတွက် ရုက္ခဗေဒ၊ သတ္တဗေဒနှင့်ဆိုင်သည့် အထောက် အကူပြုပစ္စည်း အမျိုးပေါင်း ၂၀ ကျော်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့်  အနာဂတ် ကျောင်းသူကျောင်းသားတွေ ဇီဝဗေဒကိုစိတ်ပါဝင်စားလာစေရန်၊ လေ့လာသင်ယူနိုင်ကြစေရန်အတွက်  သုတေသနပြုလုပ်ထားသည့် တိရစ္ဆာန်နှင့် အပင်ဇီဝရုပ်ကြွင်းများနှင့် အထောက်အကူပြု ပစ္စည်းများကို ယခုကဲ့သို့ ပြတိုက်ဖွင့်လှစ်ပြသရခြင်းဖြစ်ကြောင်း ခေတ္တပါမောက္ခချုပ် ဒေါက်တာ စန်းဝင်းက ပြောကြားသည်။

 

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း)သည် ဂျပန်နိုင်ငံဇီဝမျိုးစုံမျိုးကွဲများ သုတေသန စင်တာအပြင် ကျိုတိုတက္ကသိုလ်၊ ဟိမဝန္တာတောင်တန်းဒေသလက်အောက်ရှိ နိုင်ငံများ (Himalayan University Consortium – HUC) ဂျာမဏီနိုင်ငံ University of Sustainable Development နှင့် ဗီယက်နမ်နိုင်ငံ သစ်တောတက္ကသိုလ် စသည့် ပြင်ပအဖွဲ့အစည်း ခုနစ်ခုဖြင့် ပညာရေးနှင့် သုတေနသန လုပ်ငန်းစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇင်ဦး(မြန်မာ့အလင်း)

ဓာတ်ပုံ - သီဟစည်သူ