သစ်တောသုတေသနဌာန (ရေဆင်း)၏ ဂုဏ်ရောင်ပြောင် တီထွင်ဖန်တီးမှု

၃၁  ဇူလိုင်

 

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAD) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်အကြား စုစုပေါင်းသစ်တောဧရိယာ၏ ၁၉ ရာခိုင်နှုန်းခန့်အား ဆုံးရှုံးခဲ့ရပါ သည်။ လွတ်လပ်ရေးရစဉ်က မြန်မာနိုင်ငံဧရိယာ၏ (၇၀) ရာခိုင်နှုန်းခန့်အား သစ်တောများ ဖုံးလွှမ်းခဲ့သော်လည်း ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၄၈ ရာခိုင်နှုန်းကျော်ခန့်သာ ရှိပါတော့သည်။ ဤအချက်အလက်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုပြဿနာကို မှန်းဆကြည့်နိုင်ပါသည်။

 

သစ်တောပြုန်းတီးမှုသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ပြည်သူလူထု၏ ဘဝနေထိုင်ရပ်တည်ရေးအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေပါသည်။ သို့ဖြစ်ပါ၍ သစ်တောပြုန်းတီးမှု ပြဿနာအား အလေးအနက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်မှာ ရှင်းပြရန်မလိုအပ်သောကိစ္စရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပြဿနာအား ကိုင်တွယ်ဖြေရှင်းရာ၌ ကျေးလက်ဒေသများတွင် ထင်း၊ မီးသွေး အသုံးပြုမှုသည် အခြေခံကျသော ပြဿနာတစ်ရပ် ဖြစ်ပါသည်။ ထင်း၊ မီးသွေးအသုံးပြုမှုအား လုံးဝဖယ်ရှား နိုင်သည့်တိုင် လျှော့ချနိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပြဿနာအား ကိုင်တွယ်ဖြေရှင်းရာ၌ ထိရောက်သော ပံ့ပိုးမှုတို့ကို ဖြစ်ပေါ် စေမည်ဖြစ်ပါသည်။

 

သစ်တောဦးစီးဌာနအောက်ရှိ သစ်တောသုတေသနဌာန (ရေဆင်း)က ထင်းလောင်စာ အသုံးပြုရမှု သက်သာသည့် အိမ်သုံးမီးဖိုများ စမ်းသပ်ပြုလုပ်ခြင်း သုတေသနလုပ်ငန်းကို ၁၉၈၆ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်၌ အိမ်သုံးထင်း မီးဖိုတစ်မျိုးကို စတင်စမ်းသပ်ခဲ့ပါသည်။ ဤကဲ့သို့စမ်းသပ်ရာ၌ အာရှဒေသဆိုင်ရာ ထင်းလောင်စာစွမ်းအင် ဖွံ့ဖြိုးမှု အစီအစဉ်မှ သစ်တောသုတေသနဌာနသို့ ပေးပို့ခဲ့သည့် အိမ်သုံးထင်း မီးသွေးပုံစံအမျိုးမျိုးအား အခြေခံပြီး စမ်းသပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ စမ်းသပ်မှုများအပေါ် အခြေခံလျက် ကြာရှည်ခံနိုင်ရည်ရှိသည့် မီးဖိုပေါင်း ၅၀ဝ ကို စမ်းသပ်ထုတ်လုပ်ခဲ့ပါသည်။ ဤကဲ့သို့ကြာရှည်ခံနိုင်ရည်ရှိရန် ရရှိခဲ့သော အတွေ့အကြုံများအပေါ် အခြေခံလျက် ရွှံ့၊ စပါးခွံနှင့် ဖွဲပြာတို့ကို အကောင်းဆုံးသော အချိုးအစားတစ်ခု၌ ရောစပ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤထင်းမီးသွေးမီးဖို ၅၀ဝ ခန့်အား ဘေးပတ်ဝန်းကျင်ဒေသများသို့ ဖြန့်ဝေသုံးစွဲစေလျက် တွေ့ရှိချက်များနှင့်အညီ လိုအပ်သကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ သစ်တော သုတေသနဌာနသည် ဤထင်းမီးသွေးမီးဖိုတို့ကို စီးပွားဖြစ်ထုတ်လုပ်ရန် စက်ရုံတစ်ရုံကို ၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် စတင်လည်ပတ်ခဲ့ပါသည်။ ဤစက်ရုံမှ ထုတ်လုပ်သော ထင်းမီးသွေး မီးဖိုအမျိုးအစားကို ပြည်သူတို့အကြား “အေဝမ်းစွမ်းအားမြှင့်မီးဖို”ဟု လူသိများပါသည်။ အဆိုပါ အေဝမ်း စွမ်းအားမြှင့်မီးဖိုသည် ပြည်သူလူထုကြား အသိအမှတ်ပြုမှုများဖြင့် ရပ်တန့်မနေတော့ပါ။ အေဝမ်းစွမ်းအားမြှင့်မီးဖိုအား ၂၀၁၈ ခုနှစ်၏ အမျိုးသားအဆင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဆုရှင်အဖြစ် ဆုရွေးချယ်ရေး အဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ဤဆုသည် ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်၌ များစွာ ဂုဏ်သိက္ခာကြီးမားသော ဆုဖြစ်ပါသည်။ အေဝမ်းစွမ်းအားမြှင့်မီးဖိုသည် ထင်းလောင်စာအသုံးပြုမှုအား ၄၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်သည်ဖြစ်၍ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုကို သိသိသာသာ လျော့ကျစေမည် ဖြစ်ပါသည်။ တစ်ဖက်၌လည်း ကျေးလက်ပြည်သူတို့၏ ထင်းခွေချိန်ကို များစွာလျော့နည်း သက်သာစေသောကြောင့် ကျေးလက်ပြည်သူတို့၏ လူမှုစီးပွားရေး အခြေအနေအရပ်ရပ်ကို မြင့်မားတိုးတက်စေမည် ဖြစ်ပါသည်။ ဤကဲ့သို့ တိုင်းပြည်အတွက် များစွာအကျိုးများစေသည့် အေဝမ်းစွမ်းအားမြှင့်မီးဖိုအား တီထွင်ဖန်တီးခဲ့သည့် သစ်တောသုတေသန ဌာန(ရေဆင်း)ကို ဂုဏ်ပြုချီးကျူးပါကြောင်း လေးစားစွာတင်ပြအပ် ပါသည်။ ။

 

မြန်မာ့အလင်း