သြစတြေးလျနိုင်ငံမှ ကမ္ဘာ့ချန်ပီယံစက်ဘီးသမား ကာရယ်လီ မက်ကော်လိခ် ကစားသမားဘဝမှ အနားယူတော့မည်ဟု ကြေညာ

နိုဝင်ဘာ ၁၄

ကမ္ဘာ့ချန်ပီယံစက်ဘီးသမား ကာရယ်လီ မက်ကော်လိခ်မှာ အားကစားသမားဘဝမှ အနားယူတော့မည်ဟု ကြေညာခဲ့ သည်။ ၎င်းမှာ ယခုနှစ်အစောပိုင်း၌ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန်အတွက် နောက်ကျောဒဏ်ရာကြောင့် လက်ရွေးစင်အဖြစ်မှ လွဲချော်ခဲ့သည်။

အသက် ၃၃နှစ်အရွယ် ကာရယ်လီ မက်ကော်လိခ်မှာ ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရထားသူဖြစ်ပြီး ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် အသင်းလိုက်ကြေး တံဆိပ်ဆုရရှိခဲ့သူလည်းဖြစ်သည်။ ကာရယ်လီမက်ကော်လိခ်နှင့် စတက်ဖနီမော်တွန်တို့မှာ တိုကျိုအိုလံပစ်ပြိုင်ပွဲမတိုင်မီ အသင်းလိုက် ဆုတံဆိပ်ရရှိရန် နာမည်ကြီးနေသော်လည်း အိုလံပစ်ပွဲမှာ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ ယင်းပွဲ မတိုင်မီ မော်တွန်က အားကစားသမားဘဝမှ အနားယူသွားခဲ့သည်။

ဩစတြေးလျနိုင်ငံသည် အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲတွင် မက်ကော်လိခ်၊ မော်တွန်နှင့် အန်နာမီရာစ်တို့ဖြင့် အင်အားကောင်းခဲ့သည်။ သို့သော်လည်း အန်နာမီရာစ်သည် ၂၀၁၆ ခုနှစ် ရီယို အိုလံပစ်အားကစားပြိုင်ပွဲ ပြီးနောက် အနားယူခဲ့ပြီး မက်ကော်လိခ်နှင့် မော်တွန်တို့မှာလည်း ယခုအခါ အားကစားသမားဘဝမှ အနားယူသွားပြီဖြစ်သည်။

အောင်