သော့ခတ်ထားသည့်နေအိမ်ခြံဝန်းအတွင်း သော့ဖျက်ဝင်ရောက်နေထိုင်သူအား အမှုဖွင့်

မြို့သစ် ၂၉ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ ကွက်သစ်ရပ်ကွက်တွင် ဝယ်ယူ၍ထားသော နေအိမ်ခြံဝန်းအတွင်းသို့ ၄င်းအိမ်ရောင်းခဲ့သည့် အိမ်ပိုင်ရှင်(ဟောင်း)မိသားစုမှ သော့ဖျက်၍ ဝင်ရောက်နေထိုင်သဖြင့် မြို့သစ်မြို့မရဲစခန်းသို့ ယမန်နေ့က လာရောက်အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။  

ဖြစ်စဉ်မှာမြို့သစ်မြို့ကွက်သစ်ရပ်ကွက်နေ မငြိမ်းငြိမ်းအိ (ခ) မဖြူလုံးသည် ကိုသန်းနိုင်စိုးနှင့် မခင်သန္တာဆွေတို့ ပိုင်ဆိုင်သော အိမ်နှင့်ဝိုင်း ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်က သွားရောက်ကြည့်ရှုခဲ့ပြီး ဝယ်ယူခဲ့သော်လည်း လူနေထိုင်ခြင်းမရှိပေ။ စက်တင်ဘာ ၂၄ ရက်တွင် ယခင်ပိုင်ရှင်ဟောင်း ကိုသန်းနိုင်စိုးနှင့် မခင်သန္တာဆွေတို့သည် အဆိုပါအိမ်ကို သော့ဖျက်၍ ဝင်ရောက်နေထိုင်လျက်ရှိသည်ဟု မငြိမ်းငြိမ်းအိ (ခ) မဖြူလုံး မိခင်၏ ပြောကြားချက်အရသိရ၍ သွားရောက်ကြည့်ရှုရာ ၎င်းတို့နေထိုင်နေသည်ကို တွေ့မြင်ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အသိပေးပြောကြားခဲ့ပြီး ပြေလည်အောင်ဆောင်ရွက်သော်လည်း ပြေလည်မှု မရှိခဲ့ပေ။

ဖြစ်စဉ်နှင့်ပါတ်သက်၍ မငြိမ်းငြိမ်းအိ(ခ)မဖြူလုံးမှ ၄င်းတို့ဝယ်ယူထားပြီး သော့ခတ်ထားသည့် အိမ်နှင့်ဝိုင်းမြေအား ညအချိန်တံခါးသော့ဖျက်၍ ခြံဝန်းအတွင်း ကျူးကျော်ဝင်ရောက်သူ သန်းနိုင်စိုးနှင့် မခင်သန္တာဆွေတို့အား ဥပဒေအရ အရေးယူပေးပါရန် ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ဒုရဲအုပ်ယဉ်ဝေဖြိုးမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက် )