သောက်သုံးရေ အခက်ကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေ ဖူလုံစေရန် သွားရောက်လှူဒါန်း

ညောင်ဦး ၂၃ ဇူလိုင်     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျောက်ကန်ကျေးရွာနှင့် ကန်နီကြီးတဲတိုက်မှ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် ဇူလိုင် ၂၃ ရက်၊ နံနက်ပိုင်းက ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာ ကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ ပရဟိတရေလှူ အသင်းနှင့် သုမင်္ဂလာ ပရဟိတ ရေလှူအသင်းတို့မှ ပရဟိတ အသင်းသားများအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

သောက်သုံးရေဖူလုံစေရေး သွားရောက်လှူဒါန်းပေးရာတွင် ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းမှ ပရဟိတအသင်းသားများက ရေသယ်ယာဉ်များဖြင့် သွားရောက်ကာ ကျောက်ကန်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၄၄၀၀၊ ကန်နီကြီးတဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၁၅၀၀ စုစုပေါင်း သောက်သုံးရေဂါလန် ၅၉၀၀ အား အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

                                                                                                             

ရဲဝင်းနိုင် (ညောင်ဦး)