သောင်ကြီးနယ်မြေရဲစခန်းတွင် ခိုးမှုဖြင့်အရေးယူထားသူ တစ်ဦးအား ထပ်မံစစ်ဆေးရာမှ အခြားခိုးမှု ၁၃ မှု ဖော်ထုတ်နိုင်ခဲ့

ရန်ကုန်  ၁၁   အောက်တိုဘာ

 

အမှုမှာ ၂၈.၉.၂၀၁၉ ရက်နေ့က သောင်ကြီးနယ်မြေစခန်း(ပ)၂၀ဝ၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ (မဆ) အမှုဖြင့် ဖမ်းဆီးထားသော ခိုးမှုတရားခံ ချစ်စမ်းမောင်(ခ)နေလင်း(ခ) ချစ်စရာကြီးအား အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လများအတွင်း အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ဒညင်းကုန်းဈေးအနီး လမ်းမပေါ်တွင် ရပ်ထားသော YINXIANG -110 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ တန်ဖိုးနည်းအိမ်ရာ ရှေ့တွင်ရပ်ထားသော AGUO – 125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်နှင့် (၈)ရပ်ကွက် အတွင်းရှိ ကျန်စစ်သား လမ်းမပေါ်တွင် ရပ်ထားသော JLM – 125 အမျိုးအစား ဆိုင်ကယ်(၂)စီး နှင့် CBR အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေလင်ဗန်းဈေး လမ်းမပေါ်တွင်ရပ်ထားသော Dream – 110 အမျိုး အစား ဆိုင်ကယ်(၁)စီး နှင့် ZHNE CZI – 183 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ စက်မှုဇုန်(၁)၊ ဒေါ်ဖွားယဉ် လမ်းမပေါ်တွင် ရပ်ထားသော REVO – 110 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၅)ရပ်ကွက်၊ တပင်ရွှေထီးလမ်းမပေါ်တွင် ရပ်ထားသော FLYMO CZI အမျိုးအစား ဆိုင်ကယ်(၁)စီး နှင့် ရွှေညောင်ပင်လမ်းမပေါ်တွင် ရပ်ထားသော YAMAHA  FZ အမျိုးအစား ဆိုင်ကယ်(၁)စီး၊ အထက(၄)ကျောင်းရှေ့လမ်းမပေါ်တွင် ရပ်ထားသော FEILING CZI အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၃)ရပ်ကွက်၊ သာယာကုန်းဈေးအနီး လမ်းမပေါ်တွင် ရပ်ထားသော LIFAN CZI – 125 အမျိုးအစား ဆိုင်ကယ်(၁)စီး နှင့် (၁၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမကြီး၊ အထက(၃) ကျောင်းဘေးတွင် ရပ်ထားသော KENBO CBR အမျိုးအစား ဆိုင်ကယ်(၁)စီးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

သက်သေခံဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းကာ ခိုးမှုကျူးလွန်သူ ချစ်စမ်းမောင်(ခ) နေလင်း(ခ)ချစ်စရာကြီးအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်