သေဆုံးပြီးသူရဲ့ သားအိမ်ကို လက်ခံရတဲ့ အမျိုးသမီးတစ်ဦးကနေ ပထမဦးဆုံး ကလေးဖွားမြင်

၅ ဒီဇင်ဘာ

 

အသက်ရှင်လျက်ရှိသော အမျိုးသမီးတစ်ဦးရဲ့ သားအိမ်ကိုလက်ခံရရှိထားတဲ့ အမျိုးသမီးတွေကနေ ကလေးမွေးဖွားနိုင်တာ ၁၁ ဦးရှိပြီလို့ မှတ်တမ်းများအရ သိရပါတယ်။ သေဆုံးပြီး အမျိုးသမီးရဲ့ သားအိမ်ကနေ ကျန်းမာတဲ့ ကလေးတစ်ဦး မွေးနိုင်တာကတော့ ပထမဦးဆုံး ဖြစ်ပါတယ်။ 

 

သားအိမ်အစားထိုးတဲ့ ခွဲစိတ်မှုကို ဘရာဇီးနိုင်ငံ ဆာပါလိုမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာက ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို အစားထိုးကုသမှုဟာ အောင်မြင်တဲ့အတွက်  သားအိမ်နဲ့ပတ်သတ်တဲ့ ရောဂါရှိနေသော ကလေးမဖွားမြင် နိုင်တဲ့ ထောင်ချီတဲ့ အမျိုးသမီးတွေအတွက် သတင်းကောင်းများဖြစ်လာပြီလားလို့  လေ့လာတွေ့ရှိချက် ကို The Lancet ကျန်းမာရေး အပတ်စဉ်ဂျာနယ်မှာ ရေးသားထားပါတယ်။ 

 

သေဆုံးသူ အမျိုးသမီးက လေဖြတ်ပြီး အသက် ၄၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။  ကလေးသုံးဦးကို ပုံမှန်အတိုင်း ဖွားမြင်ခဲ့သူလို့လည်း သိရပါတယ်။ သူမ သေဆုံးပြီးချိန်မှာ သားအိမ်ကို ခွဲထုတ်ပြီး အသက် ၃၂ နှစ်အရွယ် လက်ခံရရှိသူထံ လွဲပြောင်းပေးတဲ့ ခွဲစိတ်မှုဟာ အချိန် ၁၀ နာရီကျော်ကြာကြောင်း သိရပါတယ်။ 

 

ကျန်းမာသန်စွမ်းတဲ့ မိန်းကလေးငယ်ကို ပြီးခဲ့တဲ့ နှစ် ၂၀၁၇ ဒီဇင်ဘာက မွေးဖွားခဲ့တာလို့ The Lancet ဂျာနယ်မှာ ရေးသားထားပါတယ်။

 

အသက်ရှင်လျက်ရှိသော တခြားအမျိုးသမီးတစ်ဦးရဲ့  သားအိမ်ကို လက်ခံရရှိပြီး ပထမဦးဆုံး ကလေးမွေးဖွားခဲ့တာက ဆွီဒင်နိုင်ငံမှာ ၂၀၁၄ ခုနှစ်က ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ် နောက်ပိုင်းမှာ  အမျိူးသမီး ၁၀ ဦးကလည်း အမေရိကန်၊ ချက်နဲ့ တူရကီ နိုင်ငံတွေမှာခွဲစိတ်ပြုလုပ်ခဲ့ရာ  အောင်မြင်စွာ ကလေးမွေးဖွားနိုင်ကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား- AFP and sciencenews.org