သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ဇီးကုန်း ၂၅  ဇွန်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄)၊ ရပ်ကွက်များတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးရွာ/ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်သောခြင် ကိုက်ခံရခြင်းနှင့် ပေါက်ပွားခြင်း မရှိစေရေးအတွက် ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေတွင်း၊ ရေကန်၊ ကျောက်စည်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊  ရေတွင်း ရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားနိုင်စေရေးအတွက်  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၉) တို့တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကလေးငယ် (၃) ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေပြီး (မစိုးရိမ်ရ) ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိကြောင်းနှင့် အဆိုပါ အဘိတ်ဆေးခတ်ခြင်း အစီအစဉ်အား မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ လိုက်ပါကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)

 

mdn