သွေးသွင်းကုသရန် လိုအပ်သော ဝေဒနာရှင်များအတွက် အမျိုးသားသွေးဌာန၌ ဘီသွေး အလှူရှင်များ လိုအပ်နေ

ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် တက်ရောက်ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များထဲမှ သွေးသွင်းကုသမှုအတွက် လိုအပ်နေသည့် ဝေဒနာရှင်များ၏ အသက်ကယ်တင်နိုင်ရေးအတွက် မွန်မြတ်သော စေတနာ၊ ထက်သန်သော သဒ္ဒါတရားတို့ဖြင့် သံဃာတော်များနှင့် လူပုဂ္ဂိုလ် သွေးအလှူရှင်များက အမျိုးသားသွေးဌာန (ရန်ကုန်)တွင် လှူဒါန်းလျက်ရှိကြရာ ယခုလတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံများ၌ ဘီသွေး သွေးသွင်းကုသမှု များပြားခဲ့သဖြင့် ဘီသွေးအလှူရှင်များ လိုအပ်နေကြောင်း အမျိုးသားသွေးဌာနမှ သိရသည်။

အမျိုးသားသွေးဌာန၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ သွေးအလှူရှင် စုစုပေါင်း (၈၈၅၉၂)ဦး လာရောက်လှူဒါန်းမှုကို သိုလောင်သိမ်းဆည်းထားရှိပြီး ဆေးရုံများတွင်လိုအပ်နေသော ဝေဒနာရှင်များ အချိန်မီ အသက်ကယ်တင်နိုင်ရေးအတွက် စုဆောင်းထားရှိသည့် သွေးများဖြင့် ပြည်သူ့ဆေးရုံများတွင် ကုသပေးလျက်ရှိရာ ယခုလတွင် ဘီသွေးသွင်းကုသမှုများပြားခဲ့၍ အမျိုးသားသွေးဌာန၌ ဘီသွေးများ လျော့နည်းလာသဖြင့် လူနာများအတွက် သွေးလိုအပ်မှုများ ဖြည့်ဆည့်းပေးနိုင်ရန် ဘီသွေးအုပ်စု ပိုင်ရှင်များမှ မိမိတို့အားလပ်ချိန်များတွင် အမျိုးသားသွေးဌာနသို့ လာရောက်ကူညီ လှူဒါန်းပေးကြရန် နိုးဆော်ထားကြောင်း သိရသည်။

 

အမျိုးသားသွေးဌာနမှ ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံများသို့ ယခုနှစ်အတွင်း ဝေဒနာရှင် ပြည်သူများ၏ အသက်ကို သွေးသွင်းကုသပေးနိုင်ရေးအတွက် သွေးယူနစ် (units) စုစုပေါင်း (၁၅၅၅၃၉)ယူနစ် ဖြန့်ဝေပေးခဲ့ကြောင်း၊ အမျိုးသားသွေးဌာနတွင် သွေးအလှူရှင်များ ကျယ်ကျယ်ပြန့်ပြန့် သွေးလှူဒါန်းမှု အဆင်ပြေနိုင်ရေးအတွက် သွေးလှူဒါန်းပွဲများကျင်းပခြင်း၊ online booking ဖြင့် လှူဒါန်းခြင်း၊ အဖွဲ့လိုက်လှူဒါန်းခြင်း၊ တစ်ဦးချင်း လာရောက်လှူဒါန်းခြင်း၊ မွေးနေ့လာရောက် လှူဒါန်းခြင်းများရှိကြောင်း၊ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များအတွက် ဘီသွေးလက်ကျန် လျော့နည်းလာသောကြောင့်  ဘီသွေးပိုင်ရှင်များနေဖြင့် အမျိုးသားသွေးဌာနတွင် လှူဒါန်းနိုင်ကြောင်း သိရသည်။   

 

ဝေဒနာရှင်များ၏ အသက်ကယ်တင်နိုင်ရေးအတွက် မွန်မြတ်သောစေတနာ၊ ထက်သန်သော သဒ္ဒါတရားတို့ဖြင့် လှူဒါန်းကြသည့် သွေးအလှူရှင်များကို ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် ဗဟိုအမျိုးသား သွေးလုပ်ငန်းကော်မတီမှ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် မြန်မာနိုင်ငံ၏ သွေးအလှူရှင်များ ဂုဏ်ပြုပွဲနေ့အဖြစ် သွေးအလှူရှင်များအား ဂုဏ်ပြုခဲ့သည်မှာ ယခုနှစ်တွင် (၄၂)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံသွေးအလှူရှင်များ ဂုဏ်ပြုပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ (၁၅)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်ခန်းမ၌ နိုင်ငံတစ်ဝှမ်းမှ သွေးလှူဒါန်းမှု အကြိမ်ရေ (၁၅၂)ကြိမ် လှူဒါန်းသည့် သွေးအလှူရှင် အပါအဝင် အကြိမ်(၄၀)အထက် လှူဒါန်းခဲ့သည့် သွေးအလှူရှင် (၅၁၉)ဦးအား ဂုဏ်ပြုပွဲကို (၄၂)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး ဗဟိုအမျိုးသားသွေးလုပ်ငန်းကော်မတီမှ  သွေးအလှူရှင်များအား ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး (ပြန်/ဆက်)