သွေးတိုး သို့မဟုတ် အသံတိတ် လူသတ်သမား

၁၆ သြဂုတ်


 “သွေးတိုးရှိနေတာ မသိဘူးလား။”

“သိပါတယ်ဆရာ”

“ဆေးပုံမှန် မသောက်ဘူးလား၊ အခုသွေးပေါင်ချိန်က ၂၂၀/၁၃၀ ဖြစ်နေတာ၊ ဦးနှောက်သွေးကြောပြတ်သွားတာ ဖြစ်နိုင်တယ်”

“ဟင်ဟုတ်လား လုပ်ပေးပါဦး ဆရာရယ်၊ သူက ခေါင်းမူးမှ သွေးကျဆေး သောက်တာ။”


ဦးထွန်းအေး၏ အမျိုးသမီးနှင့် ဆရာဝန်တို့ အပြန်အလှန် ပြောနေကြခြင်းဖြစ်သည်။ ဦးထွန်းအေးတစ်ယောက် အလုပ်တွင် ရုတ်တရက် မေ့လဲ၍ ဆေးရုံခေါ်လာကြရခြင်းဖြစ်သည်။


သွေးတိုးရောဂါသည် ကမ္ဘာတစ်လွှား အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနောက်ဆုံးသတ်မှတ်ချက်အရ သွေးပေါင်ချိန် ၁၃၀/၈၀ နှင့်အထက်ကို သွေးတိုးပြီဟု သတ်မှတ်ထားသည်။သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ရောဂါများမှာလည်း များပြားလှပါသည်။


သွေးတိုး၏လက္ခဏာများ


သွေးတိုးရောဂါသည် မည်သည့်လက္ခဏာမှမပြဘဲ ရှိနေတတ်သော အသံတိတ် လူသတ်သမားတစ်မျိုးပင်ဖြစ်သည်။ သွေးတိုးလာလျှင်ခေါင်းမူးသည်ခေါင်းကိုက်သည်ဟု ပြောလေ့ရှိကြသော်လည်း ထိုလက္ခဏာများသည်သွေးတိုးရှိတိုင်း ပေါ်လေ့ရှိသည်မဟုတ်ပါ။ တစ်ချို့ဆိုလျှင်သွေးတိုးရှိလို့ ရှိမှန်းပင်မသိဘဲ သွေးတိုး၏ နောက်ဆက်တွဲ ရောဂါတစ်ခုခုပေါ်မှ သိကြသည်လည်းရှိသည်။


သွေးတိုးရောဂါ၏ နောက်ဆက်တွဲများ


သွေးတိုးရောဂါသည် အလွန်ဆိုးသော ရောဂါ တစ်ခုဖြစ်သည်။ သွေးတိုးရောဂါကို သေချာမထိန်းမိလျှင် ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးအရမ်းတိုး၍ သတိလစ်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးသွေးကြောနှင့် တခြားသွေးကြောများ ပိတ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ မျက်စိထိခိုက်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများ များပြားလှပါသည်။


ခေါင်းမူးမှ သွေးတိုးတာလား


အထက်တွင် ဖော်ပြခဲ့သလို အများစုသည် ခေါင်းမူးမှ သွေးတိုးသည်ဟု ထင်တတ်ကြသည်။ ခေါင်းမူးမှ သွေးပေါင်ချိန်ခြင်း၊ သွေးတိုးကျဆေးများ သောက်လေ့ရှိတတ်ကြသည်။ အမှန်မှာ သွေးတိုးရောဂါသည် မည်သည့်လက္ခဏာမှမပြဘဲ ရှိနေတတ်သည်။ လက္ခဏာ မပြဘဲ ရှိနေသော သွေးတိုးသည် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြည်းဖြည်းခြင်း ဖျက်ဆီးနေတတ်ပြီး အထက်ပါ နောက်ဆက်တွဲ ရောဂါများပေါ်လာချိန်မှ သိလိုက်ရသည်များ ရှိသည်။ တစ်ခါတစ်ရံအသက်ကိုပင်ချက်ချင်း နုတ်ယူသွားသည်အထိဖြစ်တတ်သည်။


သွေးတိုးနေမှန်း ဘယ်လို သိမလဲ


လက္ခဏာမပြဘဲ ရှိနေတတ်သည့် သွေးတိုး ရှိမရှိ သိရှိနိုင်ရန်မှာ သွေးပေါင်ချိန်ကြည့်မှပင် ရပါမည်။ အသက် ၄၀ ကျော်လာသူများ အနေဖြင့် သွေးတိုးမရှိသေးလျှင်ပင် ၅ နှစ်တစ်ခါခန့်ပုံမှန် သွေးပေါင်ချိန်ကြည့်ခြင်းရန် လိုအပ်သည်။ ထိုမှသာ သွေးတိုးရှိနေလျှင်ရှိနေကြောင်း စောလျင်စွာ သိ၍ နောက်ဆက်တွဲ  ဆိုးကျိုးများမှ ကာကွယ်နိုင်မည်ဖြစ်သည်။


အစားအသောက် အနေအထိုင်နှင့် သွေးတိုး


သွေးတိုးရောဂါသည် အစားအသောက်ဆင်ခြင်ရမည့် ရောဂါတစ်မျိုးဖြစ်သည်။ သွေးတိုးလျှင် အငန်ရှောင်ရမည်ကို လူတိုင်းနီပါး သိကြပါသည်။ သို့သော်မြန်မာလူမျိုးတို့အကြိုက်အစားအစာများထဲတွင် အငန်ဓာတ်ဖြစ်သည့် ဆိုဒီယမ်ဓာတ်များသော အစားအစာများပါဝင်လေ့ရှိပါသည်။ ငါးပိ ငါးခြောက် ငံပြာရည် အချိုမှုန့် အသားမှုန့် စသည်တို့တွင် ဆိုဒီယမ်ဓာတ် များများ ပါဝင်တတ်ကြသည်။ ဂျုံနှင့်လုပ်သော အစားအသောက်များဖြစ်သည့် အီကြာကွေး ပဲပြုတ် စသည်တို့တွင်လည်း ဆိုဒါ ထည့်လေ့ရှိရာ ထိုဆိုဒါဓာတ်သည်လည်း ဆိုဒီယမ်ဓာတ်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုအစားအစာများကိုလည်း အများကြီး မစားသင့်ချေ။


နောက်ထပ် သတိပြုရန်မှာ နွယ်ချိုပါသော ဆေးများ အစားအစာများပင် ဖြစ်သည်။ အငန်တော့ ရှောင်ပါသည်။ အစာကြေအောင်ဆိုပြီး နွယ်ချိုပါသော လျက်ဆားလေးတော့ အမြဲစားနေပါသည်ဆိုသော လူနာများလည်း တွေ့ဖူးပါသည်။ သွေးတိုးသမားနှင့် မတည့်ပါ။ အရက်သောက်ခြင်းသည်လည်း သွေးတိုး ရောဂါကို ပိုဆိုးစေနိုင်သော အကြောင်းရင်း တစ်ခုဖြစ်ပါသည်။ ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့သော လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းသည်လည်း သွေးတိုးကို ထိန်းရန်အတွက်သော်လည်းကောင်း၊ သွေးတိုး၏ နောက်ဆက်တွဲ ရောဂါများကို ကာကွယ်ထိန်းသိမ်းရန်သော်လည်းကောင်း အကျိုးရှိရာ သွက်လက်တက်ကြွစွာ နေထိုင်သင့်ပါသည်။


သွေးတိုးကျဆေးကို ပုံမှန် သောက်ရမှာလား


သွေးတိုးရှိသူများ အနေဖြင့်လည်း ခေါင်းမူးမှသွေးတိုးသည်၊ သွေးပေါင်ကျဆေးသောက်ရတော့မည်ဟု မှားယွင်းစွာ ယူဆမိတတ်ကြပါသည်။ အမှန်မှာ သွေးပေါင်ကျဆေးသည် နေ့စဉ်ပုံမှန်သောက်ရမည့် ဆေးဖြစ်သည်။ သွေးပေါင်ကိုပုံမှန်ဆေးသောက်ပြီး ထိန်းပါမှသွေးတိုးကြောင့်နောက်ဆက်တွဲ ထိခိုက်မှုများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ခေါင်းမူးမှဆေးသောက်ပါက ခေါင်းမမူးဘဲ တိုးနေတတ်သော သွေးတိုး၏ နောက်ဆက်တွဲ ပြဿနာများကို ကျိန်းသေပေါက် ခံစားကြရပါလိမ့်မည်။ သွေးပေါင်ကျဆေးသောက်ရင် သွေးပေါင်အရမ်းကျသွားမှာပေါ့ဟု စိုးရိမ်ကြသူများကိုလည်း တွေ့ဖူးပါသည်။ သွေးပေါင်ကျဆေး သောက်ရာတွင်လည်း သွေးပေါင်ကို ပုံမှန်အနေအထားအတွင်း ထိန်းနိုင်မထိန်းနိုင် ပုံမှန်တိုင်းကြည့်ရန်လိုပါသည်။ ဆရာဝန်များဘက်မှလည်း သွေးပေါင်ကျ ဆေးပေးရာတွင်လူနာတစ်ဦးချင်းစီ အနေအထားပေါ် မူတည်၍ ဆေးကို ပေးကြရသည်ဖြစ်ရာ သွေးပေါင်အလွန်ကျသွားခြင်းမဖြစ်အောင် ထိန်းညှိပေးထားကြသည်သာဖြစ်သည်။ သွေးတိုးရောဂါရှိသူများ အနေဖြင့်လည်း သွေးပေါင်ကျဆေး သောက်နေရင်းနှင့်ဝမ်းလျှောခြင်း၊ သွေးအများကြီးထွက်ခြင်း၊ မူးခြင်း စသည်များဖြစ်လာပါက သွေးပေါင်ပုံမှန် အနေအထားရှိမရှိ ပြန်လည်စစ်ဆေးနိုင်ရန်ဆရာဝန်နှင့် ပြန်လည်တိုင်ပင်သင့်ပါသည်။ သွေး ပေါင်ကျဆေးကိုလည်း သူများအပြောနှင့်လိုက်မသောက်ဘဲ ဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ပြီး သောက်သုံးသင့်ပါသည်။


သွေးပေါင်အရမ်းတက်နေရင်


သွေးတိုးရောဂါ၏ နောက်ထပ်ထူးခြားချက် တစ်ခုမှာ သွေးပေါင် အရမ်းတက်နေချိန်တွင် သွေးပေါင်ကို အမြန်ချတိုင်းလည်း မကောင်းသည့်အချက်ပင်။ သွေးပေါင် ၁၈၀/၁၂၀ ကျော်နေသည့် အချိန်တွင် သွေးပေါင်ကိုချသင့်သည့် အနေအထားထက်ပိုပြီး အမြန်ချလိုက်လျှင်ပင်အန္တရာယ်ရှိနိုင်ပြီး လေဖြတ်သည်အထိပင်ဖြစ်နိုင်ပါသည်။ သွေးပေါင်အမြန်ချရမည့်အနေအထားများတွင်နှလုံးဖောက်ခြင်း၊ သတိလစ်ခြင်း၊ ကျောက်ကပ်ထိခြင်း၊ သွေးကြောမကြီးနံရံကွဲခြင်းစသည်တို့ပါဝင်ပြီး တခြားအနေအထားများတွင် သွေးပေါင်ကိုသောက်ဆေးနှင့်သာ ဖြည်းဖြည်းချင်းချရပါသည်။ ထို့ကြောင့် သွေးအရမ်းတိုးတိုင်းလည်း သွေး ပေါင်အမြန်မချရသည့်အချက်ကိုလည်း  နားလည်သဘောပေါက်စေချင်ပါသည်။ ယခုနောက်ပိုင်းတွေ့ရှိ ချက်များအရ အရင်က သွေးပေါင်အမြန်ချရန် သုံးလေ့ရှိသည့်သွေးပေါင်ကျဆေးကို လျှာအောက်ငုံစေခြင်းသည် ကောင်းကျိုးထက် သွေးပေါင်ရုတ်တရက် ကျသွားနိုင်သည့် ဆိုးကျိုးပိုများကြောင်း တွေ့ရှိရပါသည်။


အချုပ်အားဖြင့်ဆိုရလျှင်သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောရောဂါတစ်မျိုးဖြစ်ပြီး သေချာမကုသ မိပါကလည်း နောက်ဆက်တွဲ ဆိုးကျိုးများသော ရောဂါဖြစ်သည်။ ကုသလျှင်လည်း ဆေးကို သောက်လိုက်မသောက်လိုက်လုပ်၍ မရဘဲ ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ ဆေးပုံမှန်သောက်အစားအသောက်ဆင်ခြင် လေ့ကျင့်ခန်းပုံမှန်လုပ်ကာ ထိန်းသိမ်းသွားသင့်သော ရောဂါပင်ဖြစ်ပါသည်။


ရေးသားသူ - Dr Pyae Phyo Kyaw


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”