သွေးတိုးရောဂါ မဖြစ် အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

သွေးတိုးရောဂါဟာ အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အမေရိကန် နှလုံးရောဂါအသင်းကြီးရဲ့ အဆိုအရ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုး မဖြစ် စေဖို့အတွက် အသက် ၃၀ မတိုင်ခင်ကာလ နေထိုင်စားသောက်ပုံက အရေးကြီးတယ်လို့ဆိုပါတယ်။

 

အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။ ကျန်းမာရေးနဲ့ကိုက်ညီစွာမ နေထိုင်ဘူးဆိုရင်တော့ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုးဖြစ်နိုင်ခြေ ၄၂% ရှိတယ်လို့ဆိုပါတယ်။

 

American Heart Association ဟာ ဒီလိုသွေးတိုးဝေဒနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို လမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။

 

Life’s Simple 7 နဲ့ကိုက်ညီအောင်နေပါ

 

“Life’s Simple 7” လို့ခေါ်ဆိုတဲ့ AHA ရဲ့ ဒီလမ်းညွှန်ချက်မှာတော့ နေထိုင်ပုံဆိုင်ရာ အကြံပြုချက်တွေ ပါဝင်နေပါတယ်။ ဒီအချက် ၇ ချက်ကတော့ အောက်ပါအတိုင်းပါပဲ။

•           Body mass index (BMI) ကို မပြတ်စစ်ဆေးဖို့၊ ကိုယ်အလေးချိန်မတိုးအောင် သတိထားဖို့၊

•           ကျန်းမာရေးနဲ့ညီညွှတ်မျှတပြီး အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ဖို့၊

•           ဆေးလိပ်မသောက်ဖို့၊

•           ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့၊

•           သွေးတိုးပုံမှန် စစ်ဆေးဖို့၊

•           ကိုလက်စထရောမများအောက် သတိထားနေထိုင်ဖို့၊

•           သွေးတွင်းသကြားဓာတ်မများအောင် ဂရုစိုက်နေထိုင်ဖို့တို့ပါပဲ။

ဒီအချက် ၇ ချက်ကို လိုက်နာမယ်ဆိုရင် သင့်ရဲ့ သွေးတိုးရောဂါဖြစ်ပေါ်နိုင်ခြေကို ၄၂% အထိလျှော့ချနိုင်မှာဖြစ်တယ်လို့ လေ့လာချက်တွေအရ သိထားရပါတယ်။

 

ဒါပေမယ့် ဒီအချက်တွေတိုင်းကို တိတိကျကျလိုက်နာဖို့အတွက် အရေးပါတဲ့အချက်တစ်ခုကိုလည်း အာရုံစိုက်သတိထားထိမ်းကွပ်ဖို့ လိုအပ်တယ်လို့ AHA က သတိပေးပါတယ်။ ဒါကတော့ စိတ်ဖိစီးမှုဖြစ်ပါတယ်။

 

အထက်ပါ ၇ ချက်လုံးကို လိုက်နာနိုင်ဖို့ဆိုရင် စိတ်ဖိစီးမှုကင်းဝေးအောင်နေထိုင်ဖို့ လိုအပ်တယ်လို့ AHA က ဆိုခဲ့သလို ဒီအချက် ၇ ချက်ကို လိုက်နာခြင်းကြောင့်လည်း စိတ်ဖိစီးမှုကို သိသိသာသာလျော့ကျစေနိုင်တာမို့ အပြန်အလှန်ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအခြေအနေတစ်ရပ်လို့လည်းဆိုပါတယ်။

 

ဒါ့အပြင် “Life’s Simple 7” ကို လိုက်နာတဲ့အခါမှာ သွေးတိုးတင်မက သွေးတိုးရောဂါနဲ့ဆက်စပ်ဝေဒနာတွေဖြစ်ကြတဲ့ လေဖြတ်ခြင်း၊ နှလုံးဖောက်ပြန်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းနဲ့ နှလုံးပျက်စီးခြင်းတွေဖြစ်မလာနိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။

 

DASH နဲ့ စားပါ

 

ဒါ့အပြင် သွေးတိုးကို ကာကွယ်နိုင်ဖို့ သားသောက်သင့်တဲ့ ပုံစံကိုလည်း AHA က ထုတ်ပြန်ထားပါတယ်။ ဒါကိုတော့ DASH diet (Dietary Approaches to Stop Hypertension) လို့ ခေါ်ပါတယ်။ သွေးတိုးကို ရပ်တန်နိုင်စေဖို့ အထောက်အကူဖြစ်စေမယ့် အစားအစာတွေပေါ့။

 

DASH အစားအစာတွေဆိုတာကတော့ အောက်ပါ အစားအစာတွေကိုဆိုလိုတာပါ။

•           ဟင်းရွက်များ၊

•           သစ်သီးများ၊

•           အစေ့များ၊

•           အဆံများ၊

•           ပဲများ၊

•           ငါးများ၊

•           နို့ထွက်ပစ္စည်းများ၊

•           ကျန်းမာစေသော အဆီများ၊ စတာတွေပါပဲ။

ဒီအစားအစာတွေကို အဓိကမှီဝဲပဲပြီး အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အသားတွေ၊ အချိုတွေ၊ အငံတွေကို ရှောင်ကျဉ်မယ်ဆိုရင် သင် အသက် ၄၀ ကျော်မှာ သွေးတိုးရောဂါနဲ့ ခပ်ဝေးဝေးနေရာမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်ရှင်သန်ခွင့်ရနေမှာဖြစ်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung