သွေးတိုးရောဂါရှိတာလား ဒါတွေစားပါ

သွေးတိုး ပြောတော့သာ ဘာမှမဟုတ်သလို တကယ်တော့ သွေးတိုးက အသံတိတ်လူသတ်သမား လို့တောင် ဆိုလို့ရပါတယ်။ အချို့ဆိုသွေးတိုးရှိလို့ ရှိနေမှန်းမသိဘဲ စားသောက်နေထိုင်မှုကို သေချာဂရုမစိုက်မိတာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ သွေးတိုးကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေ သိထားရင်မမှားတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးမယ်နော်။


သွေးတိုးဆိုတာ ဘာလဲ


သွေးတိုးဆိုတာက သွေးကြောတွေထဲမှာ သွေးဖိအားတွေ အရမ်းများလာတဲ့ အခြေအနေတစ်ခုပေါ့။ သွေးကြောနံရံတွေကို အားနဲ့ ဖိတိုးမိနေတာမျိုးပါ။ ဒီလိုမျိုး ကြိမ်ဖန်များစွာဖြစ်လာတဲ့ အခါ သွေးကြောနံရံတွေ ထိခိုက်ပျက်စီးလာပါတယ်။ ဒီလိုကနေတဆင့် နှလုံးရောဂါ၊ လေဖြတ်တာ၊ ကျောက်ကပ်ထိခိုက်တာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ 


သွေးတိုးရောဂါက လက္ခဏာတွေ မပြတတ်သလို၊ ရှိလို့ရှိနေမှန်းတောင်မသိလိုက်ရဘဲ အချိန်ကြာမြင့်စွာခံစားနေရတတ်ပါတယ်။ ဒါကြောင့်လည်း သွေးတိုးကို အသံတိတ်လူသတ်သမားလို့ခေါ်တာပေါ့။ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်က သွေးတိုးရောဂါခံစားနေရတာပါ။ ဒါကြောင့် သွေးတိုးရောဂါကမဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ သွေးတိုးရောဂါရှိနေပြီ ဆိုရင်လည်း အစားအသောက်ကို သေချာလေးစားသုံးပြီး ကျန်းမာရေးကိုဂရုစိုက်ပါနော်။


သွေးတိုးရှိနေသူတွေ စားသုံးပေးသင့်သည်များ


သွေးတိုးရှိနေပြီဆိုရင် အစားအသောက်ကို ပုံမှန်ထက်ပိုဂရုစိုက်ဖို့ လိုအပ်မှာပါ။ ဒီတော့ နေ့စဉ်စားသုံးမှုမှာ အခုပြောတဲ့ စားစရာလေးတွေပါဝင်အောင် စားသုံးပေးနော်။


အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – ပိုတက်ဆီယမ်က သွေးတိုးကျစေပြီး ကိုယ်တွင်း ကပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်အောင်လုပ်ဆောင်ပေးပါတယ်။  သွေးတိုးကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတိုးကျဖို့ အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့် ဆလတ်ရွက်၊ ကိုက်လန်၊ ဟင်းနုနွယ်နဲ့ အခြားအစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။


ဘယ်ရီသီးတွေ – ဘယ်ရီသီးတွေ အထူးသဖြင့်ဘလူးဘယ်ရီသီးတွေမှာ သဘာဝဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်သလို သွေးတိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။


အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ် – အဆီထုတ်နွားနို့နဲ့ဒိန်ချဉ်တို့က ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ နှလုံးကို ကျန်းမာစေနိုင်သလို တစ်ပတ်ကို ၅ ကြိမ်လောက် ဒိန်ချဉ်သောက်ပေးမယ်။ အဆီထုတ်နို့သောက်ပေးမယ်ဆိုရင် သွေးတိုးဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်မှာပါ။ သွေးတိုးရှိသူတွေမှာလည်း သွေးတိုးကျအောင် အထောက်အကူပြုပေးနိုင်မှာပါ။


အုတ်ဂျုံ – အမျှင်ဓာတ်ကြွယ်ဝပြီး အဆီနဲ့ ဆိုဒီယမ်ပါဝင်မှုနည်းပါတယ်။ သွေးတိုးကျစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ မနက်ခင်းမှာ အုတ်ဂျုံတစ်ပန်းစာ စားသုံးပေးမယ်ဆိုရင် တစ်နေ့တာလုံး အားပြည့်လန်းဆန်းနေပြီး သွေးတိုးလည်း ကျနေစေမှာပါ။


ငှက်ပျောသီး – ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် သွေးတိုးရှိသူတိုင်း စားပေးသင့်ပါတယ်။ မနက်ခင်းမှာ နွားနို့ထဲထည့်စားတာဖြစ်ဖြစ် အုတ်ဂျုံနဲ့ တွဲဖက်စာတာဖြစ်ဖြစ် ဒိန်ချဉ်ထဲထည့်စားတာဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။


ဆယ်လ်မွန်၊ မက်ကာရယ် – ငါးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုပါ။ Omega – 3 Fatty Acid ကြွယ်ဝတဲ့ ငါးတွေက သွေးတိုးကျစေနိုင်ပြီး ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။


အစေ့အဆန်များ – အပျင်းပြေစားလေ့ရှိတဲ့ နေကြာစေ့၊ ဖရုံစေ့ လိုမျိုး အစေ့အဆန်တွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့  အခြားသတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့်  သွေးတိုးကျစေမှာ အသေအချာပါ။


ကြက်သွန်ဖြူ -ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ကိုယ်တွင်းမှာ သွေးကြောတွေကို ကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုဒ်တိုးလာစေပြီး သွေးတိုးကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။


အနက်ရောင်ချောကလက် – တစ်နေ့ကို အနက်ရောင်ချောကလက် ၁၀ဝ ဂရမ်စားသုံးမှုကနှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အချိုပါဝင်မှုနည်းတဲ့ ချောကလက်စားသုံးမှုက သွေးတိုးကျစေနိုင်တဲ့အာနိသင်ရှိပါတယ်။


သလဲသီး – သလဲသီးကို အသီးအတိုင်း စားလို့ရသလို ဖျော်သောက်လို့လည်းရပါတယ်။ တစ်နေ့ကို သလဲသီးဖျော်ရည် တစ်ခွက်နှုန်းနဲ့ ၄ ပတ်ကြာသောက်သုံးမှုက သွေးတိုးကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိသူတွေအနေနဲ့ သလဲသီးကမေ့ထားလို့ မဖြစ်ပါဘူး။


ကျန်းမာရေးနပြ ညီညွတ်အောင်စားသုံးပြီး ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ အသံတိတ်လူသတ်သမားလက်ကနေ ကာကွယ်လိုက်ပါ။


ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”