သီချင်းတွေကို DVD မရိုက်တော့ဘဲ အွန်လိုင်းကနေ ဖြန့်ချိသွားမယ့် အဆိုတော် မိစန္ဒီ

မန္တလေး  ၄ ဧပြီ 


တတိယမြောက်  အသဲလေးတစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ အဆိုတော် မိစန္ဒီက အခုနှစ်အတွင်းမှာလည်း စတုတ္ထမြောက် တစ်ကိုယ်တော်အခွေ ထွက်ရှိနိုင်အောင် ကြိုးစားနေကြောင်း သိရသည်။  အဆိုတော် မိစန္ဒီနှင့် မေးမြန်းဖြစ်တဲ့ အထဲက အချို့ကို ကောက်နုတ်ဖော်ပြထားသည်။

 


မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ။ ။ ၂၀၁၇ ဇွန်မှာတုန်းက မိစန္ဒီ အသဲလေးဆိုတဲ့ တတိယအခွေ ထွက်ထားပါတယ်။  မိစန္ဒီ ဒီဗီဒီ အနေနဲ့ မရိုက်တော့ဘဲ တစ်ပုဒ်ချင်းစီကိုပဲ အွန်လိုင်းကနေ  အမ်တီဗီအနေနဲ့ တင်သွားဖို့ပဲ ရှိပါတယ်။  ဒီနှစ်ထဲမှာတော့ နောက်ထပ်တစ်ခွေ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ နောက်အခွေအတွက်ကတော့ အမှန်အတိုင်း ပြောရရင် မိစန္ဒီ ဘာမှမလုပ်ဖြစ်သေးဘူး။ သီချင်းရေးထားတာတော့ လေးငါးပုဒ်လောက် ရှိပါတယ်။ သင်္ကြန်အပြီး ကိုယ်နားတဲ့ အချိန်ရောက်မှပဲ နောက်တစ်ခွေအတွက် ပိုပြီး အာရုံစိုက်ဖြစ်ပါမယ်။  လတ်တလောမှာတော့ ပုသိမ်၊ ပြည်၊ မန္တလေး ၊ မုံရွာ၊ ပဲခူး၊ နေပြည်တော်၊ ဘားအံ စတဲ့ နယ်ပွဲတွေမှာ သီချင်းဆိုဖြစ်နေပါတယ်။

 


မေး။ ။ နောက်တစ်ခွေမှာ ဘယ်လို သီချင်းပုံစံလေးတွေ ပါမလဲ။
ဖြေ။ ။ သီချင်းပုံစံတွေကတော့ မိစန္ဒီက တစ်ခွေနဲ့တစ်ခွေက ပုံစံကတော့ မတူဘူးပေါ့နော်။ တစ်နှစ်နဲ့ တစ်နှစ်မှာ လပိုင်းအတွင်းမှာတောင် music ပုံစံတွေက ချိန်းနေတာဆိုတော့ သီချင်းပုံစံတွေက နည်းနည်းပါးပါးတော့ ပြောင်းသွားမှာပါ။

 


မေး။ ။ သင်္ကြန် ဘယ်မှာရှိမလဲ။
ဖြေ။ ။ အခုလတ်တလောက ပွင့်လင်းရာသီ ကုန်ခါနီးပေမယ့် ပွဲတွေကတော့ ရှိသေးတယ်။ နယ်ပွဲတွေ များပါတယ်။ ရန်ကုန်မှာက သိပ်တောင်မရှိဘူး။

 


သင်္ကြန်မှာတော့ မိစန္ဒီ ဘားအံမှာ လေးရက်လုံး ဆိုရပါမယ်။

 


အိမို့မို့ခိုင်