သီးနှံစိုက်ခင်းများ၏ ရေလိုအပ်ချက် နှင့် ရေပေးဝေမှု ဟန်ချက်ညီစေရေး၊ ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေး အတွက် ဌာနနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်ကြစေလို

 

နေပြည်တော် ဧပြီ၂၃

ရေသောက်စနစ်အတွင်း စိုက်ပျိုးရေ အညီအမျှရရှိသုံးစွဲနိုင်ရေး၊ သီးနှံစိုက်ခင်းများ၏ ရေလိုအပ်ချက်နှင့် ရေပေးဝေမှု ဟန်ချက်ညီစေရေး၊ ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဧပြီ ၂၁ က မကွေးတိုင်းဒသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာ၊ ထရုံလက်တံမြောင်းဖျား ဧရိယာတွင် ဆိုလာစနစ် စက်ရေတွင်း (၂၀) တူးဖော်ခြင်း လုပ်ငန်းခွင်၌ ဌာနဆိုင်ရာများ ဒေသခံတောင် သူများနှင့် တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က မှာကြားသည်။

လယ်ကိုင်းကျေးရွာ၊ ထရုံလက်တံမြောင်းဖျားရှိ စိုက်ပျိုးမြေဧရိယာ ဧက (၃၆၀) ခန့်ကို ရာသီမရွေး စိုက်ပျိုးရေ သုံးစွဲနိုင်ရေးအတွက် မြေအောက်ရေတွင်း (၂၀) တွင်း တူးဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါစက်ရေတွင်းများကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် တပ်ဆင်အသုံးပြုသွားမည်ဖြစ်၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများ၏  ဝင်ငွေတိုးတက်လာစေမည်ဖြစ်ကြောင်းသိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ (စကု) အခြေခံပညာ အထက်တန်းကျောင်းတွင် စိုက်ပျိုးရေး မွေးမြူရေး ဘာသာရပ်များ တွဲဖက် သင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး  ကျောင်းအုပ်ဆရာကြီး တာဝန်ရှိသူများကို တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်၊ စံပြတမာစိုက်ခင်း ဧက (၁၀၀) တည် ထောင်ခြင်း စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးရေ ရရှိရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင် ရေလှောင်တမံ ရေဝင် ရောက်မှုနှင့် စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေချိုသယံဇာတများ အလေအလွင့်မရှိ အသုံးပြုနိုင်ရန်နှင့် ပြောင်းလဲသက်ရောက်လျက်ရှိသော ရာသီဥတု အခြေအနေကြောင့် သိုလှောင်ရေများ ဆုံးရှုံးမှုမရှိ သုံးစွဲနိုင်ရန်အတွက် တောင်သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရေး၊ ရေအသုံးချသူများ အဖွဲ့ (WUG) များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရေး လိုအပ်ချက်များကို တာဝန်ရှိသူများကိုဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်