သီးနှံဈေးကွက် ခိုင်မာရေးနှင့် တောင်သူတို့ဘဝ တည်ငြိမ် အသားကျရေး

၂၇ ဒီဇင်ဘာ

 

အိန္ဒိယသမ္မတ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း၌ ပဲမျိုးစုံကို မြန်မာနိုင်ငံက ဝယ်ယူမည့် အရေအတွက်ကို သီးခြား သတ်မှတ်ပေးသည့် (သီးသန့်ကိုတာ) စနစ်ဖြင့် တင်ပို့ခွင့်ပြုရေး အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။ အိန္ဒိယသမ္မတက ပဲမျိုးစုံတင်ပို့ရာတွင် နှစ်နိုင်ငံ အကျိုးရှိမည့် နည်းလမ်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုခဲ့ပါသည်။

 

၂၀၁၇ ဩဂုတ်အတွင်းက အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်ကြောင့် ပဲတင်ပို့သည့် နိုင်ငံအားလုံး အကျပ်တွေ့ခဲ့ရ ပြီး နှစ်ပေါင်းများစွာ တင်ပို့ရောင်းချနေသော မြန်မာနိုင်ငံအတွက်လည်း ပဲတင်ပို့မှု လုံးဝရပ်ဆိုင်းရသလောက် ဖြစ်ခဲ့ရသည်။ ပဲတင်ပို့သူ ကုန်သည်ကြီးများ၊ နယ်အသီးသီးမှ လိုက်လံဝယ်ယူသိုလှောင်သူ ကုန်သည်ငယ်များ ထိခိုက်နစ်နာခဲ့ရပြီး ပဲတောင်သူများ အနစ်နာဆုံး ဖြစ်ခဲ့ရသည်။

 

ယခု နှစ်နိုင်ငံ ဆွေးနွေးချက်များအရ မြန်မာပဲစိုက်တောင်သူတို့အတွက် များစွာမျှော်လင့်ချက်ရောင်ခြည် လင်းလက်လာ၏။ ပဲတင်ပို့မှု ရပ်ဆိုင်းရသည့်အခါ ဈေးကွက်ထဲရှိ ပဲဈေးနှုန်းကျရ၏။ ကောက်ပဲသီးနှံဈေး ကျဆင်းသည့်အခါ လယ်ထွက် သီးနှံများဖြင့်သာ ရပ်တည်နေထိုင်ကြရသော တောင်သူလယ်သမားတို့မှာ ဒုက္ခဆင်းရဲနှင့်ကြုံကြရလေတော့၏။

 

ယင်းသို့သော အခက်အခဲများကြားမှာ နိုင်ငံတော်အစိုးရက တောင်သူတို့ကို သီးနှံတစ်မျိုးတည်း စိုက်ပျိုးသည့်ဓလေ့အစား သီးနှံ နှစ်မယ် သုံးမယ်စိုက်ပျိုးခြင်းကို တိုက်တွန်းပညာပေးခဲ့၏။ ဤသို့ဖြင့် ဈေးကွက်မရှိသော မတ်ပဲ၊ ပဲစင်းငုံတို့ကိုသာ စိုက်မိသော တောင်သူတို့အတွက် အခြားသော သီးနှံအမျိုးအစားရှိခြင်းဖြင့် အတန်အသင့် သက်သာရာရမည်ဖြစ်၏။ ဥပမာအားဖြင့် ပဲတီစိမ်းမှာ တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူနေသဖြင့် ခုသာခံသာရှိခဲ့ခြင်းမျိုး ဖြစ်ပါသည်။ ထို့အတူ ပြည်တွင်း စားသုံးမှုရှိသော ကုလားပဲဆိုလျှင် ဈေးကွက်ထဲတွင် ဆက်လက်တည်ရှိနိုင်နေသည့်အတွက် မျှတစိုက်ပျိုးသည့် တောင်သူတို့ အတန်သက်သာ ခဲ့ကြသည်။

 

စိုက်ပျိုးရသည့် တောင်သူတို့မှာ မိမိတို့ စိုက်ပျိုးနေသည့် သီးနှံများ ဈေးကွက်ထဲတွင် လည်ပတ်တွင်ကျယ်နေမှုက လွန်စွာ အရေးပါပါသည်။ ဈေးကွက်ထဲတွင် တွင်ကျယ်ကောင်းမွန်နေဖို့က ဦးဆုံး အနေဖြင့် ဈေးကွက်ခိုင်မာရန် လိုပါသည်။ တစ်နှစ်တလေ ဈေးကျသည်ဆိုသည်နှင့် တောင်သူတို့ဘဝပျက်မတတ်ဖြစ်ရသည်ကို ထောက်ချင့်၍ အစိုးရက ဈေးကွက် သေချာရေး ကြိုးပမ်းနေရခြင်း ဖြစ်ပါသည်။ ယခုလို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ သီးနှံတင်ပို့နိုင်ရန် အစိုးရချင်း စာချုပ်ချုပ်နိုင် ရန် ဆွေးနွေးညှိနှိုင်းနေခြင်းသည် တောင်သူတို့အတွက် မျှော်လင့်ချက်ဖြစ်၏။ အိန္ဒိယဘက်မှ ထုတ်လုပ်မှုစရိတ်ကို ၃၀ ရာခိုင်နှုန်း အမြတ်ပေါင်းသည့် ဈေးနှုန်းဖြင့် အဆိုပြုထားပြီး မြန်မာကုန်သည်များဘက်ကမူ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ် လိုသည်ဟု အဆိုပြုထား၏။ အိန္ဒိယ၏ အဆိုပြုချက်အရဆိုလျှင် ပုံမှန်ဈေးကွက်ကို ရရှိမည်ဖြစ်သော်လည်း ဈေးကွက်၏ အမြင့်ဆုံး ဈေးနှုန်းကိုတော့ ရနိုင်မည်မဟုတ်။

 

မြန်မာကုန်သည်တို့ အဆိုပြုသည့်အတိုင်း ပုံမှန်ဈေးကွက်လည်းရ၊ ပေါက်ဈေးအတိုင်းလည်းရမည်ဆိုလျှင်တော့ အတိုင်းထက် အလွန်ဖြစ်မည်။ သို့သော် တရားဝင် ဈေးကွက်မရှိဘဲ အနိမ့်ဆုံးဈေးအထိ ထိုးဆင်းသွားသည့်အခါမျိုးတွင် တောင်သူတို့ မည်မျှတောင့်ခံ နိုင်မလဲဆိုသည်ကို စဉ်းစားရန်လိုပါမည်။

 

မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင် စပါးပြီးလျှင် ပဲအမျိုးမျိုးသည် ဒုတိယစိုက်ပျိုးမှု အများဆုံးဖြစ်သလို ပြည်ပပို့ရာတွင်လည်း စပါးပြီးလျှင် ပဲအမျိုးမျိုးက ထိပ်ဆုံးမှာဖြစ်၏။ ထို့ကြောင့် စိုက်ပျိုးသည့် တောင်သူတို့၏ အခြေအနေတည်ငြိမ်မှုနှင့် ခိုင်မာသော ဈေးကွက်အနေအထားသို့ ရောက်ရှိရန်တို့ကို အလေးအနက်ထား ဦးစားပေးစဉ်းစားရန် လိုအပ်မည်ဟု ယူဆပါကြောင်း။   ။
(မြန်မာ့အလင်း)