သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး 

သီပေါ အောက်တိုဘာ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် မြို့တော်ခန်းမတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) တတိယအသုတ်(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ယမန်နေ့က လူဦးရေ(၂၁၀)ဦးကို ထိုးနှံပေးခဲ့ပြီး စုစုပေါင်းလူဦးရေ (၅၁၇၇)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက  စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ခင်လေး(ပြန်/ဆက်)