သီရိမင်္ဂလာဈေးရှိ ပျံကျ ဈေးသည်များ၊ အလုပ်ကြမ်း/ ကုန်ထမ်းလုပ်သားများအား ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြွက်သွန်  ထောက်ပံ့လှူဒါန်း

ရန်ကုန် ၉ မေ 

 

ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရှိ သီရိမင်္ဂလာဈေးသစ်အတွင်း ပျံကျ ဈေးသည်များ၊ ခေါင်ရွက်ဗျပ်ထိုး၊ အလုပ်ကြမ်း/ ကုန်ထမ်းလုပ်သား ၅၀၀ ဦးအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်  ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက် ညီညွတ်ရေးလမ်း၌ အခြေပြုလျက် ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့မှ  တစ်ဦးလျှင်ဆန် နှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်ထုပ်၊ အချိုမှုန့် စသည့် တန်ဖိုးကျပ် ၄၀၀၀ နီးပါးခန့်ရှိ မီးဖိုချောင်သုံးရိက္ခာများ ထောက်ပံ့ဝေငှခဲ့ကြောင်း သိရသည်။

 

ယင်းသို့ လှူဒါန်းရာတွင် အဆိုပါ ဈေးလုံခြုံ‌ရေးနှင့် စည်းကမ်းထိန်း‌ရေး တာဝန်မှူး ဦးအောင်ဝင်းလှိုင်မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျရှိစေရန် ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆန်တစ်ပြည် ၁၂၀၀ ကျပ်တန်ကို အရှုံးခံပြီး ထက်ဝက် လျှော့ချရောင်းပေးခဲ့တာ မတ်လ ၈ ရက်ထိဆို လပေါင်း ၁၈ လ အကြိမ်ပေါင်း ၇၅ ကြိမ်ရှိခဲ့ပါပြီ။ ကိုဗစ်ရောဂါကြောင့် လူစုလူဝေးမဖြစ်အောင် ရပ်ထားခဲ့တာပါ။ ဒီကနေ့တော့ လှူတာပါ သီရိမင်္ဂလာဈေးသစ် ဈေးတာဝန်ခံ  ဦးဝေလင်းရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ပါ။ ရောင်းချပေးတဲ့အစီအစဉ် မဟုတ်‌တော့ပါဘူး။ ရှိတဲ့သူက‌ပေးတယ် မရှိတဲ့သူကယူပေါ့။ လက်လုပ်လက်စား အလုပ်သမား (၅၀၀) အတွက်ကို ကြိုတင် စာရင်းပေး‌ပြီး လူတစ်ဦးဆန် ၂ ပြည်၊ မေဇင်ဆီသန့် ၅၀ ကျပ်သား၊ ငရုတ်၊ ကြက်သွန်၊ ဆား၊ အချိုမှုန့် အစရှိတဲ့ မီးဖိုချောင်သုံး ဖြည့်စွက်စာတွေ ပါပါတယ်။ တန်ဖိုးက (၄၀၀၀) ကျပ်‌  လောက်‌တော့ရှိပါမယ်။ ကိုဗစ်ရောဂါထိန်းချုပ်ကာလ မရုတ်သိမ်းသေးသ၍ ဒီကပ်ဆိုးကြီးက လွတ်ကင်းနိုင်ဖို့ အထောက်အပံ့ ဖြစ်မယ်ဆိုရင်လည်း အပတ်တိုင်း ဆက်လှူမယ့် အစီအစဉ်ရှိပါတယ်။” ဟု ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းစိန်ကပြောသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး