သီတင်းကျွတ်ကာလ လက်မှတ်ခ ပုံမှန်ဈေးနှုန်းဖြစ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ကြိုတင်အသိပေး ဆောင်ရွက်ထား

ရန်ကုန်  ၁၀  အောက်တိုဘာ

 

၂၀၁၉ ခုနှစ် သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သော အောက်တိုဘာ(၁၁) ရက်မှ(၁၅) ရက်ထိ(၅)ရက်တာ ပိတ်ရက်တွင် အများပြည်သူ ခရီးသွားလာရာ၌ ယာဉ်စီးခများကို တိုးမြှင့်ကောက်ခံခြင်းမရှိဘဲ မူလသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် အဝေးပြေးယာဉ်ရပ်နားစခန်းများမှ ယာဉ်လိုင်းများ ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာလျက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားဝန်းရှိ YRTA မှ အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

“သီတင်းကျွတ်ကာလ(၅)ရက် သတ်မှတ်တည်းက ဝန်ထမ်းများနဲ့ ပြည်သူတွေ ခရီးသွားလာရေးအ ဆင်ပြေချောမွေ့အောင် ကြိုတင် ဆောင်ရွက်ထားပါတယ်။ စက်တင်ဘာ(၁၈)ရက်မှာ ယာဉ်လိုင်းအားလုံးနဲ့ တွေ့ဆုံပြီး ပိတ်ရက်မှာ မိဘရပ်ထံပြန်ပြီး ကန်တော့ကြမယ့် ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို အခွင့်ကောင်းယူပြီး လက်မှတ်ခ ပုံမှန်အတိုင်းရောင်းဖို့၊ ဈေးတင်ပြီး မရောင်းဖို့ အသိပေးထားပါတယ်။ ဒီလ (၄)ရက်နေ့မှာလည်း ထပ်မံပြီး အသိထပ်ပေးထားပါတယ်။ ခရီးသွားလာရေးအတွက် ယာဉ်လုံလောက်စွာရှိပါတယ်။ ပြီးတော့ ခရီးသွားပြည်သူတွေ စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့ ယာဉ်လိုင်းတွေကို ယာဉ်အန္တရာယ် ကင်းရှင်းရေး အဓိကလိုက်နာဆောင်ရွက်ဖို့ အသိပေးထားပြီးပါပြီ” ဟု အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နား စခန်း၊ YRTA ရုံးမှ တာဝန်ခံဦးဘမြင့်က ပြောသည်။

 

ရန်ကုန်မြို့မှ မြန်မာပြည်အနှံသို့ ခရီးသွားပို့ဆောင်ပေးလျှက်ရှိသော အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်းများမှ စက်တင်ဘာလမှစ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချပေးခဲ့ရာ စီနင်းမှုများသော ယာဉ်လိုင်းများ ကြိုတင်လက်မှတ်ပြည့်လျှက်ရှိပြီး ခရီးစဉ်တူသောအခြားယာဉ်လို င်းများလည်းရှိသည့်အတွက် ခရီးသွားပြည်သူတို့အနေဖြင့် အခြားသော ယာဉ်လိုင်းများမှလည်း လက်မှတ်ကို ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

 

ရုံးပိတ်ရက်(၅)ရက်တွင် ကုမ္ပဏီနှင့် စက်ရုံဝန်ထမ်းများလည်း နေရပ်ဒေသသို့ ပြန်ကြသောကြောင့် စုပေါင်း၍ မှန်လုံယာဉ်နှင့် မီနီဘတ်စ်ယာဉ်များက ကြိုတင်ငှားရမ်းခြင်းများလည်း ရှိရာ မိုးရာသီတွင် ခရီးသွားပို့ဆောင်ရေး နှေးကွေးခဲ့သော ယာဉ်လိုင်းများ ပြန်လည်ဦးမော့လာလျှက်ရှိ၍ စင်းလုံးငှားယာဉ်များအတွက် လည်း ကြိုတင်ပြင်ဆင်ပေးထားကြောင်း သိရသည်။

 

သန်းထိုက်

 

1