သီတင်းကျွတ်လပြည့်နေ့  ဘုရားရှင်အား ဆွမ်းတော်ကြီးတင်လှူပွဲ အစဉ်အလာမပျက်ကျင်းပ

ထန်းတပင်  ၁၃  အောက်တိုဘာ

 

ပအိုဝ့်အမျိုးသားတို့ စုဝေးနေထိုင်ရာ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတိုက်နယ်ဒေသ နှင်းယွန်း စေတဝန်ကျောင်းတော်ကြီးတွင် ယနေ့ (သီတင်းကျွတ်လပြည့်နေ့) နံနက် ၄ နာရီမှစတင်ကာ ဘုရားရှင်အား စုပေါင်း၍ ဆွမ်း၊ ဟင်းလျာ၊ သစ်သီး၊ သောက်တော်ရေ ကပ်လှူပွဲ အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဇရပ်ကြီးတိုက်နယ်အတွင်းရှိ ရပ်ကွက်ကြီး(၅)ခုမှ ဒေသခံပြည်သူ တစ်ထောင်ကျော်က မိမိတို့ လှူဒါန်းလိုသော လှူဖွယ်ပစ္စည်းများကို ယူဆောင်၍ နှင်းယွန်းစေတဝန် ကျောင်းတော်ကြီးပေါ်ရှိ ဗုဒ္မရုပ်ပွားတော်တို့အား စုပေါင်းလှူဒါန်းကြခြင်း ဖြစ်ကြောင်း ဇရပ်ကြီးတိုက်နယ်မှ အုပ်ချုပ်ရေးမှူး ခွန်မောင်လွင်က ပြောသည်။

 

ကျွန်တော်တို့ အရပ်ဒေသကတော့ ရိုးရာအစဉ်အလာ ကျင်းပတဲ့ပွဲပါပဲ ရပ်ကွက်ကြီး ၅ ခုကနေ ဆွမ်းခဲဖွယ် ဘောစဉ်တွေကတော့ ကျောင်းကြီးတစ်ခုလုံးကို ပြည့်လျံသွားတာပဲ၊ ဆွမ်းခွက်ပေါင်း တစ်ထောင်ကျော်လောက် ရှိပါတယ်။ ဘုရားဆွမ်းတော် ကပ်ပြီးတာနဲ့ စားချင်းတဲ့သူစား မစားနိုင်လို့ ပြန်ယူသွားကြရတာလဲ ရှိတယ်ဟု ဦးခင်မောင်လွင်က ဆက်လက်ပြောကြားသည်။

 

ဆွမ်းလာရောက်လှူဒါန်းကြသည့် ကုသိုလ်ရှင်များအား နှင်းယွန်းစေတဝန်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးက အလှူအနုမောတနာ တရားများ ဟောကြားခဲ့ပြီး ရေစက်သွန်းချ လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)