သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ရေယာဉ်ဖြင့် ခရီးသွားပြည်သူများ အထူးစည်းကား

ရန်ကုန် ၁၃  အောက်တိုဘာ

 

၂၀၁၉ ခုနှစ် သီတင်းကျွတ်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား စေတီများသို့ မိသားစုအလိုက် သွားရောက် ဖူးမြော်ကြည်ညိုကြမည့် မိဘပြည်သူများနှင့် အနယ်အနယ် အရပ်ရပ်သို့ အပန်းဖြေခရီး ထွက်လာ ကြသည့် ခရီးသွားပြည်သူများ အဆင်ပြေ ချော်မွေ့စေရေးအတွက် ရန်ကုန်မြစ်အတွင်း ကူးတို့ပြေးဆွဲပေးနေသော ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ရှိ ချယ်ရီသင်္ဘောများဖြင့်  ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ သီတင်းကျွတ် လပြည့်နေ့၌ ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှု ယခင်နေ့များထက် အထူးစည်းကား များပြားလျက်ရှိကြောင်း မြင်တွေ့ရသည်။

 

သီတင်းကျွတ်ပွဲတော် ကာလအတွင်း ရဟန်း၊ သံဃာများ၊ အနယ်နယ်အရပ်ရပ်မှ နေရပ်ပြန်ပြည်သူများနှင့် ဘုရားဖူး သွားကြမည့် ခရီးသွားပြည်သူများ များပြားခြင်းကြောင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ရှိ ရေယာဉ်များအနေဖြင့် အခေါက်ရေ လျော့ပြေးဆွဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲပေးပြီး၊ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက်  ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ခရီးသည် ယခင်နေ့တွေထက် အထူးများပြားကြောင်း၊ ခရီးသည်များ သင်္ဘော အတက်၊ အဆင်း သွားလာရေး အဆင်ပြေစေရေး၊ ဘေးကင်းလုံခြုံစေရေးနဲ့ ရေယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက်ကို စနစ်တကျနဲ့ စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ခရီးသည်များ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက်  (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းရှိ မန်နေဂျာနှင့် တာဝန်ရှိဝန်ထမ်းများ၊ ရေယာဉ် သင်္ဘော ဝန်ထမ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အနီးကပ်ကြပ်မတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လက်ထောက် အထွေထွေမန်နေဂျာ(မြစ်ဝ) ဦးသိန်းမြင့် က ပြောသည်။

 

ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃)အမည်ရှိ ကူးတို့ရေယာဉ် သင်္ဘောသုံးစင်းဖြင့် ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်းမှတစ်ဆင့် (ဒလ)ဆိပ်ကမ်းတို့သို့ တစ်နေ့လျှင် အသွား/အပြန် ၄၆ ခေါက်နှုန်းဖြင့် ခရီးသွား ပြည်သူများစွာတို့အား ကူးတို့ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိပြီး၊ ရေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသည့် ခရီးသွားပြည်သူ နေ့စဉ်(၃၀ဝ၀ဝ) ကျော်ရှိပြီး နေ့ထူး၊ နေ့မြတ်များ၊ ပွဲတော်ရက်များနှင့် အားလပ်ရက်ရှည် ရုံးပိတ်သော ရက်များတွင် ခရီးသည်လိုက်ပါစီးနင်းမှု ပိုမိုများပြားလျက်ရှိရာ နေ့စဉ် ဝင်ငွေကျပ်သိန်း ၃၀ ကျော် ကောက်ခံရရှိသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နိုင်ငံခြား ခရီးသွားဧည့်သည်များ  လိုက်ပါစီးနင်းမှု များပြားလျက်ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ပေါက်၊ ထွက်ပေါက်တစ်ခုအဖြစ် နေ့စဉ်နှင့်အမျှ ကူးသန်းသွားလာကြပြီး လူအစည်းကားဆုံးနှင့် ဝင်ငွေအကောင်းဆုံး ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ပို့ဆောင်ပေးနေသည့် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ရေယာဉ်ဆိပ် ၌ ဆိပ်ကမ်း သန့်ရှင်းသာယာလှပစေရေး၊ ခရီးသည်များ စနစ်တကျ သွားလာနိုင်ရေး၊ အန္တရာယ် ကင်းရှင်းစေရေးနှင့် ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူများ၊ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ရှိ မန်နေဂျာနှင့် တာဝန်ရှိ ဝန်ထမ်းများ၊ ရေယာဉ်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကြပ်မတ်ဆောင်ရွက်ပေးလျက် ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် စည်းကမ်းရှိမှုနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက် ကြစေလိုကြောင်း တိုက်တွန်း ဖော်ပြအပ်ပါသည်။    

 

သတင်းနှင့် ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)