သီတင်းကျွတ်လပြည့်နေ့တွင် နဂါးပွက်တောင်တော်တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိ

မင်းဘူး  ၁၃  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ နဂါးပွက်တောင်တော်၌ ယနေ့နံနက်ပိုင်းက ဘုရားဖူး ပြည်သူများဖြင့် စည်ကားများပြား လျက်ရှိကြောင်း သိရသည်။

 

“ ကျွန်တော်တို့အနေနဲ့ ဘုရားဖူးလာပြည်သူများကို စိတ်ချမ်းသာစေရန် စီစဉ်ထားရှိပြီး အေးချမ်းစွာ နားနေနိုင်ရန် အတွက် တန်ဆောင်းတော်ကြီးကိုလည်း ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားပါတယ်၊ အမတော် မောင်တောင် တောင်ပေါ်မှာလည်း ရင်ပြင်တော် တိုးချဲ့တည်ဆောက်ထားပြီး အမျိုးသမီးများအတွက် သနပ်ခါးကျောက်ပျဉ်များလည်း ထားရှိပါတယ်၊ လုံခြုံရေးအနေနဲ့ ဘုရားဖူးပြည်သူများအတွက် အစစအရာရာ စီစဉ်ထားပြီး စီစီတီဗီ ၁၀ လုံးကိုလည်း တပ်ဆင်ထားပါတယ်၊  ကားဝန်းများကိုလည်း လွတ်လွတ်လပ်လပ် ရပ်နားနိုင်အောင် အမိုးအကာများဖြင့် စီစဉ်ထားရှိပြီး ဘုရားဖူးလာ ပြည်သူများအတွက် သောက်ရေသန့်များလည်း စီစဉ်ထားရှိပေးထားပါတယ်၊ ရေလောင်း အိမ်သာများလည်း တိုးချဲ့ဆောက်လုပ်ထားပြီး ဒေသထွက်ကုန်အဖြစ် မျှစ်ခြောက်၊  မှိုခြောက်၊ ပန်းခြောက် ဆိုင်များကိုလည်း ဖွင့်လှစ် ရောင်းချပေးလျှက်ရှိပါတယ်၊ ယခုနှစ်မှာဆိုရင် ဘုရားဖူးပြည်သူများ အမှတ်တရ ဒေသထွက်ကုန် ပစ္စည်းအရောင်း ဆိုင်များမှ ဈေးသည်တွေလည်း အဆင်ပြေ ရောင်းကောင်းကြတယ်လို့ ကြားသိရပါတယ်၊ အခုလို ရက်မျိုးတွေမှာ ဘုရားဖူးပြည်သူများ အထူးများပြားပါတယ်၊ ဒီလိုမြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့ ဘုရားသာယာလှပရေး အဖွဲ့အနေနဲ့ ကြည်နူးရကြောင်း” နဂါးပွက်တောင်တော် သာယာလှပရေးအဖွဲ့ ဘဏ္ဍရေးမှူး ဉီးစိုးရှိန်က ပြောသည်။

 

“ ကျွန်တော်တို့ သီတင်းကျွတ်ရုံးပိတ်ရက်မှာ မိသားစုနဲ့အတူ ဘုရားဘူးထွက်လာတာပါ၊ ကျောင်းတော်ဘုရားကို ဖူးပြီး၊ မင်းဘူးမြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ နဂါးပွက်တောင်တော်နဲ့ ရှင်ပင်စက္ကိန်းတဲ စေတီတော်တွေကို ဖူးမြော်ပြီးရင် မကွေးမြသလွန် စေတီတော်ကို ဖူးမြော်သွားမှာ ဖြစ်ပါတယ်”  ဟု ဘုရားဖူးလာ ပွင့်ဖြူမြို့နယ်မှ ဉီးလှိုင်က ပြောသည်။အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူများ တန်ခိုးကြီးဘုရားများကို လာရောက်ဖူးမြှော်ရင်း နဂါးပွက် တောင်တော်သို့ ဝင်ရောက် လေ့လာကြသည့်အတွက် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)