သီတင်းကျွတ်ရုံးပိတ်ရက်ရှည်ကာလတွင် ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေစခန်းများတွင် ခရီးသွားများဖြင့် အထူးစည်ကား

ပြင်ဦးလွင် ၁၂ အောက်တိုဘာ

 

ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ တန်ခိုးကြီးဘုရားများနှင့် သဘာဝ အရင်းအမြစ်များဖြင့် သာယာလှပနေသည့် အပန်းဖြေစခန်းများ၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားများ ဝင်ရောက်မှုကြောင့် အထူးစည်ကားလျက်ရှိသည်။

 

ခရီးသွားပြည်သူများသည် ပြင်ဦးလွင်မြို့နယ်ရှိ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် မဟာအံ့ထူးကံသာဘုရားအား ဦးခိုက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ရင်ပြင်တော်နှင့် ဘုရားပရဝဏ်တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 

မဟာအံ့ထူးကံသာဘုရားအနီးရှိ ပွဲကောက်ရေတံခွန်၌လည်း ပျော်ရွှင်စွာ ရေကစားခြင်း၊ အလှဓာတ်ပုံရိုက်ကြသူများ၊ အပန်းဖြေအနား ယူကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ပွဲကောက်ရေတံခွန် စခန်းပတ်လည်တွင် ရောင်းချနေကြသည့် ဒေသထွက်ကုန်သီးနှံများ၊ စပျစ်၊ မက်မန်း စသည့်ဒေသထွက်ဝိုင်များနှင့် သိုးမွှေးဆွယ်တာအင်္ကျီများကို အမှတ်တရအဖြစ် ဝယ်ယူအားပေးလျက်ရှိရာ အဆိုပါဆိုင်များတွင်လည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

 

mdn

 

''အခုလို သီတင်းကျွတ်လ ရုံးပိတ်ရက်ရှည် ခံစားခွင့်ရတဲ့အချိန်လေးမှာ မန္တလေးမှာရှိတဲ့ အမျိုးတွေရဲ့ အလှူကိုလာရင်း ပြင်ဦးလွင်မြို့ရဲ့ သဘာဝအလှအပတွေကို ခံစားပြီး အနားယူဖို့ လာခဲ့တာပါ။ ပြင်ဦးလွင်မှာ အခု ဘုရားဖူးပြီးရင် ပိတ်ချင်းမြောင်နဲ့ ပွဲကောက်ရေတံခွန်တွေကို သွားလည်မှာပါ။ မနက်ဖြန်မှာတော့ မန္တလေးကနေတစ်ဆင့် ပုဂံဘုရားတွေကို ဝင်ရောက်ဖူးမြော်မယ်။ တစ်နှစ်ပတ်လုံး အလုပ်တာဝန်တွေနဲ့ မွန်းကျပ်နေတဲ့အချိန်မှာ အခုလို ရုံးပိတ်ရက်ရှည်ရတဲ့ကာလကို မိသားစုနဲ့အတူ ခရီးထွက်ပြီး ဘုရားဖူးအပန်းဖြေခြင်းဟာ စိတ်ခွန်အားနဲ့ နွေးထွေးမှုတွေကို ရရှိစေပါတယ်'' ဟု ပြင်ဦးလွင်မြို့သို့ ရန်ကုန်မြို့မှ မိသားစုနှင့်အတူ လာရောက်လည်ပတ်သူ ဧရာဝတီဘဏ်မှ ဒေါ်ခိုင်နွယ်စန်းက ပြောသည်။

 

mdn

 

ထို့ပြင် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်တစ်ခုဖြစ်သည့် အမျိုးသားကန်တော်ကြီး ဥယျာဉ်၌လည်း ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်ကာ စိုက်ပျိုးထားရှိသည့် ပန်းများ နှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံတို့၏ အလှတရားများကို ခံစားရင်း အပန်းဖြေ အနားယူကြသူများဖြင့် ကန်တော်ကြီးဥယျာဉ်တစ်ခွင်၌ အထူးစည်ကားလျက်ရှိသည်။

 

mdn

 

အဆိုပါကန်တော်ကြီးဥယျာဉ်သို့ တောင်ကြီးမြို့မှ သူငယ်ချင်းများဖြင့် လာရောက် လည်ပတ်သူ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ မမြမဉ္ဇူ က'' ရုံးပိတ်ရက်ရှည် ကာလမှာ အရင်ကတာဝန်ကျခဲ့တဲ့ ကသာမြို့မှာ ကထိန်သွားခင်းဖို့လာရင်း ပြင်ဦးလွင်ကို လာရောက်ခဲ့တာပါ။ ပြင်ဦးလွင်မြို့ဆိုတာ ဘယ်အချိန်ရောက်ရောက် အမြဲဆန်းသစ်ပြီး အပန်းဖြေအနားယူဖို့ ကောင်းမွန်တဲ့ ဒေသတစ်ခုပါ။ ဒီကိုရောက်ရင် တစ်နှစ်ပတ်လုံး ပင်ပန်းသမျှတွေ ပြေပျောက် လန်းဆန်းသွားသလို ခံစားရတယ်။ အခုလို သီတင်းကျွတ် ရုံးပိတ်ရက်ကို ငါးရက်သတ်မှတ်ပေးလိုက်တာက ဝန်ထမ်းတွေ အနားယူဖို့ အတွက် လုံလောက်တဲ့ အချိန်ကာလတစ်ခုလို့ပြောချင်ပါတယ်။ ပိတ်ရက်ရှည်တဲ့အတွက်လည်း ခရီးရက်ရှည်သွားလို့ ရတာပေါ့ ''ဟု ပြောသည်။

 

ယခုလို ရုံးပိတ်ရက်ရှည်ကာလများတွင် မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်းများ စုပေါင်း၍လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရားများ သဘာဝအမွေအနှစ်များဖြင့် သာယာလှပနေသည့် ဒေသများသို့ ခရီး ထွက်ခွာ၍ ကုသိုလ်ပြုအပန်းဖြေသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း  သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ အောင်ဖြိုးကျော်