သက်ကြီးအမျိုးသမီး ပန်းချီဆရာမကြီးများ၏ လက်ရာပြပွဲပြသ

ရန်ကုန် ၅ ဇူလိုင်

 

သက်ကြီးပန်းချီဆရာမကြီး ( ၁၄ ) ဦး၏ ပန်းချီလက်ရာ ကားများကို ဇူလိုင် ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ပန်းဘဲတန်းမြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းဈေးအရှေ့ဘက်တန်းရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး ( ဗဟို ) ၏ ပန်းချီပြခန်းတွင် ပြသထားသည်။

 

ဇူလိုင် ၄ ရက် နံနက်က ပြုလုပ်သည့် ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပန်းချီဆရာကြီး ဒေါက်တာဦးလွန်းကြွယ် တက်ရောက်ပြီး ကြည့်ရှုအားပေးသည်။ ပြပွဲတွင် ဒေါက်တာဦးလွန်းကြွယ်က ပြောကြားရာတွင် ဒီပြပွဲမှာ အသက် ( ၇၀ )ကျော် အမျိုးသမီး ပန်းချီဆရာမကြီးတွေ ပါဝင်ပြသတယ်၊ ပုခက်လွှဲသောလက်က စုတ်တံ ကိုင်ပြီး အနုပညာမှာ စိတ်ပညာပါလာတယ်၊ ကြမ်းတမ်းတဲ့ပုံတွေကို မကြိုက်ဘူး။ သိမ်မွေ့နူးညံ့မှု ကိုကြိုက် တယ်လို့မြင်တယ်။ တစ်ယောက်တစ်မျိုးစီပြတဲ့ ဒီပွဲမှာ အသက် ( ၈၀ ) ဝန်းကျင်ရှိ ပန်းချီဆရာမကြီးတွေလည်းပါတယ်။ သူတို့ရဲ့ စွမ်းရည်ကို ဂုဏ်ယူရမယ်၊ ကြိုဆိုရမယ်ဟု ပြောကြားသွားသည်။ ထို့ပြင် ပန်းချီဆရာမကြီး တွေမှာ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ပြီး အိမ်ထောင်ရေးတာဝန်တွေကို ထမ်းဆောင်ရသည့် အချိန်မှာ ရသလောက် ပန်းချီပညာနှင့် မွေ့လျော်တယ်ဆိုတာ အံ့သြစရာကောင်းသည့် စိတ်ဓာတ်ဖြစ်ကြောင်း ပညာရဲရင့်ပွဲလယ်တင့်ပြီး မိမိတို့ရဲ့ လက်ရာတွေကို ပြနိုင်စွမ်းရှိအောင် စွမ်းစွမ်းတမံ ကြိုးစားထားသည်ကို မြင်တွေ့ ရသည့်အတွက် ပီတိဖြစ်ရပါကြောင်း ပြောကြားသွားသည်။

 

ပြပွဲတွင် ပါဝင်ပြသသူတစ်ဦးဖြစ်သည့် ပန်းချီဆရာကြီး ဒေါက်တာဦးလွန်းကြွယ်၏ ဇနီးဖြစ်သူ ဒေါ်လွန်းမြမြက ပြောကြားရာတွင် အမျိုးသမီး ပန်းချီဆရာမတွေရဲ့ ဂုဏ်ကိုဆောင်သည့်အနေဖြင့် အမျိုးသမီးတွေရဲ့ အရည်အချင်းတွေကို ပြည်သူလူထုနှင့် ပန်းချီချစ်သူများသိရှိအောင် မျှဝေစေချင်သည့် စိတ်ဓာတ်ဖြင့် ပါဝင်ပြသခြင်းဖြစ်ကြောင်း ပန်းချီကား ( ၆ ) ကားကို အစက်အပျောက်များဖြင့် တီတွင်ပြီး ရေးဆွဲထားကြောင်း ပြောကြားသွားသည်။

 

ပန်းချီဆရာမကြီးမဖွားကပြောကြာရာတွင် မြေးဖြစ်သူအတွက် ပန်းချီဆွဲပေးရာမှ ဝါသနာပါလာပြီး ပန်းချီရေးဆွဲဖြစ် ကြောင်း ၂၀၁၄ ခုနှစ်မှ စတင်ပြီး ပန်းချီရေးခြင်းကို စတင်ခဲ့ကြောင်း အိပ်မပျော်သည့် ညတိုင်း တစ်ချိန်လုံး ပန်းချီဆွဲရာမှ ပြပွဲပါဝင်ပြသနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အသက် ( ၆၆ ) နှစ်ရှိပြီး ဆွဲနိုင်သရွေ့ ရေးဆွဲပြီး ရှေ့ဆက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

 

အောင်သူရ