သွက်လက်လှုပ်ရှားရန်ကုန်လူငယ်ထု၏ စွမ်းဆောင်အား

ထင်ပေါ်ဝင်း

ဓာတ်ပုံ-ထိန်လင်း

 

နိစ္စဓူဝ လှုပ်ရှားသွားလာနေသော ရန်ကုန်မြို့၏ လမ်းမများထက်တွင် အသက် အရွယ်ကြီးရင့်သူ လူကြီးများထက် ငယ်ရွယ်နုပျိုသော ရုပ်အလှပိုင်ရှင် လူငယ်ထုကို ပိုမိုမြင်တွေ့ရလေ့ရှိသည်။ ကျောင်းသား ကျောင်းသူလေးများ၊ အတန်းပညာ အတတ်ပညာ သင်ကြားနေသော လူငယ်လူရွယ်များ၊ အလုပ်ခွင် အသီးသီးတွင် ဝင်ရောက်လုပ်ကိုင်နေကြသော လူငယ်လေးများကို မြို့တော်ရန်ကုန်အနှံ့ နေရာဒေသမရွေး မြင်တွေ့လေ့ရှိ သည်။ အသိပညာ အတတ်ပညာကို အားအင်အပြည့်ဖြင့် အသုံးချ နိုင်သော လူငယ်လူရွယ်များဖြစ်သည့်အတွက် သွားလာလှုပ်ရှားမှုတိုင်းက သွက်လက် ထက်မြက်နေသည်။

 

ရန်ကုန်မြို့တော်ကြီးကို ခေတ်မီအောင် တည်ဆောက်ရာတွင် လူငယ်ထု၏ အခန်းကဏ္ဍက လွန်စွာမှ အရေးပါလှသည်။ မထသစနစ်မှ ဝိုင်ဘီ အက်စ်စနစ်သို့ အကူးအပြောင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူငယ့်အားကို မှန်ကန်စွာ အသုံးချနိုင်ခဲ့သည်။ ကားမှတ်တိုင်တိုင်းတွင် လမ်းညွန်စာရွက် များ ကိုင်ဆောင်ရင်း ခရီးသွားများကို စီးနင်းရမည့် ယာဉ် အမှတ်များကို မနားမနေ ရှင်းပြခဲ့သည်မှာ လူငယ် လူရွယ်များပင်ဖြစ်ခဲ့သည်။ မိုးတွင်းကာလများ၌ ရေကြီးလေ့ရှိသော အရပ်ဒေသများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည်မှာ လူငယ်လူရွယ်များပင် ဖြစ်သည်။ နေပူမိုးရွာ မရှောင်ရန် ကုန်မြို့တော် သန့်ရှင်းရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ရန်ကုန်လူငယ်ထုက ကိုယ်ရောစိတ်ပါ ဝိုင်းဝန်းကူညီလုပ်ကိုင် ပေးလျက်ရှိသည်။

 

ထိုသို့ ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းပေးလျက်ရှိသော လူငယ်လူရွယ်များ၏ ဆောင်ရွက်ချက်များကို ရန်ကုန်စာမျက်နှာထက်၌ မှတ်တမ်းတင်ရန် စီစဉ်နေခိုက်တွင် အမှီအခိုကင်းမဲ့နေသော သက်ကြီးရွယ်အိုများအား မိဘရင်းနှင့် မခြား ပြုစုစောင့်ရှောက်ပေးနေသည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတအသင်း(Save The Aged) ကို အဆက်အသွယ် ရရှိခဲ့ပါသည်။ ခေတ်မီနည်းပညာအပေါ် အခြေခံကာ စိတ်ကူးစိတ်သန်းကောင်းများ ဖော်ထုတ်နိုင်စွမ်းရှိသော လူငယ်လူရွယ်များကြောင့် ပေါ်ထွက်လာသော အမည်မဲ့ ဘိုးဘွားရိပ်သာကလေးကိုကြည့်ရင်း ရန်ကုန်လူငယ်ထု၏ ကာယဉာဏစွမ်းအားကို အားရကျေနပ်မိသည်။

 

ထို့ကြောင့်ပင် ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ဖွင့်လှစ်ထားသည့် အမည်မဲ့ဘိုးဘွားရိပ်သာကလေးကို အလှည့်ကျ ဦးစီးဦးဆောင်ပြုနေသည့် The Aged အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ မဖြိုးသီရိကို သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

 

“''ကျွန်မတို့က အွန်လိုင်းမှာ စဖွဲ့မိကြတာ။ အရင်တုန်းကတော့ တစ်ယောက်ကိုအဖွဲ့ဝင်ကြေး တစ်ယောက် ကျပ် ၃ဝဝဝ စီ ကောက်တယ်။ အဲဒီလို ကောက်ပြီးတော့ ပြင်ပမှာပဲလိုက်ပြီး အဘိုး အဘွားတွေကို စောင့်ရှောက်တယ်။ အိမ်တွေ ပျက်ရင် အိမ်တွေပြင်ပေးတယ်။ အိမ်ပြင်တာက တော်တော်လေးကုန်တယ်။ သူတို့အိမ်တွေက တော်တော်လေးကို အခြေအနေဆိုးတာကိုး။ မိုးတွင်းဆိုရင် အကုန်လုံးအိမ်တွေ ပြင်ရပြီ။ နောက်ပြီးသူတို့ သွားလို့လာလို့ရအောင် လမ်းတွေ ပြင်ရတယ်။

 

အဲဒီတော့ ဒီစရိတ်တွေက အမြဲတမ်း ကုန်နေတယ်။ နောက် တချို့ ဘိုးဘွားတွေက နေဖို့ တော်တော်လေးကို အဆင်မပြေဘူး။ မိုးတွင်းဆိုရင် သူတို့ အိပ်တဲ့နေရာအထိကို ရေတွေ က တက်လာတယ်။ အပေါ်ကလည်း မိုးက မလုံဘူး။ အဲဒီတော့ ငါတို့တွေ ရိပ်သာလေးတော့ လုပ်ကြမယ်ပေါ့။

 

အစကတော့ ရည်ရွယ်ချက်မရှိဘူး။ လူငယ်တွေ ပျော်လဲပျော်ရတယ်ပေါ့ဆိုပြီး လုပ်နေကြရင်းနဲ့ အလွန်အခြေအနေဆိုးတာတွေ မြင်ရတော့ မနေ နိုင်တော့ဘူး။ ငါတို့ဘိုးဘွားရိပ်သာလုပ်မယ်ဆိုပြီး လုပ်ကြတာ။ လုပ်ပေမယ့် လက်ထဲမှာ ပိုက်ဆံ လည်း မရှိဘူး။ ၃ဝဝဝ စီထည့်တဲ့ အသင်းဝင် ကတော့ ၃ဝဝ-၄ဝဝ လောက်ရှိတယ်။ ပြည်တွင်းရော ပြည်ပရောပါ။ ဒီ ၃ဝဝ-၄ဝဝ ကလည်း ဝန်ထမ်းတွေ၊ ကျောင်းသားတွေ တကယ့်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေတောင်မှ အဲဒီလောက်ကြီး မပါဘူး။ အကုန်လုံးစပ်မိစပ်ရာနဲ့ အလှူရှင်တွေ ကောက်မယ်။ အဲဒီလိုနဲ့ အသင်းသုံးနှစ်ပြည့်မှ ဒီမြေကွက်လေးဝယ်လိုက်တယ်။ မြေကွက်က နှစ်ကွက်တွဲပေါ့နော်။ ပေ(၄ဝx၆ဝ)ကို သိန်း ၇ဝ နဲ့ နှစ်ကွက်တွဲဝယ်လိုက်တယ်။ တကယ့်ဈေးအချိုဆုံး နေရာလိုက်ရှာပြီး ဝယ်ကြတာ။

 

အစွန်ဆုံးတော့ ရသွားတာပေါ့။ အဲဒီလို ၇ဝ နဲ့ ဝယ်ပြီးတော့ အဆောက်အအုံဆောက်ဖို့အတွက် ထပ်စုတယ်။ စုပြီးတော့ ကန်ထရိုက်နဲ့ညှိတော့ ကန်ထရိုက်က ရတယ်၊ သှူကိုအကျေမပေးသေးနဲ့ဦး၊ ရှိသလောက် ပဲပေးဆိုတော့ အဲဒီအချိန်မှာသိန်း ၆ဝဝ လက်ထဲမှာ ရှိတယ်။ အဲဒီသိန်း ၆ဝဝ အရင်ပေးထားတာပေါ့။ အကုန်လုံးအပြီးအစီး ဆောက်တာ သိန်း ၁၅ဝဝ လောက် ကုန်သွားတယ်။ ကန်ထရိုက်ကိုတော့ ခွဲခွဲပြီး ပေးရတယ်။ အသင်းငါးနှစ်ပြည့်မှာ ဒီရိပ်သာလေးဆောက်ပြီးသွားတယ်။ အကြွေးတော့ မကျေသေးဘူး။ စဖွင့်ပြီး ခြောက်နှစ်ပြည့် လောက်မှာမှ အကုန်ကျေသွားတယ်။

 

“ကျွန်မတို့အပြင်မှာ လိုက်စောင့်ရှောက်ပေး နေတဲ့ ဘိုးဘွားတွေကို ဒီကိုရွှေ့ထားလိုက်တယ်။ ပထမဒီရိပ်သာမဖြစ်ခင်က အိမ်ငှားထားသေးတယ်။ အိမ်ငှားခကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ဈေးတက်လာတော့ အိမ်ငှားခကနေ ဒီကိုယ်ပိုင် ရိပ်သာလေး ဖြစ်သွားတာပါ။ ရိပ်သာလေးက သူတို့ရဲ့ နေရေးထိုင်ရေး အလွန်ဆိုးရွားတာတွေကို မမြင်ရက်လို့ ဖြစ်ချင်စိတ်နဲ့ လုပ်လိုက်မိလို့ ဖြစ်သွားတာပါ။”

 

''ကျွန်မတို့အနေနဲ့ ဒီမှာလက်ခံထားတာတော့ အဓိကလိုအပ်နေတဲ့ ဘိုးဘွားကို ကွင်းဆင်းတာ။ အသက် ၆၅ နှစ်အထက် ကိုယ်တိုင်ရှာဖွေ စားသောက်နေရတယ်။ သားထောက်သမီးခံ လုံးဝ မရှိဘူး။ ဆွေမျိုးရင်းချာမရှိဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ရင် စိတ်ပိုင်းဆိုင်ရာတော့ ပုံမှန်ဖြစ်ရမယ်။ ပြီးရင် ကူးစက်ရောဂါ (တီဘီ၊ အိတ်အိုင်ဗွီ)တို့ ရှိရင်လည်း လက်မခံနိုင်ဘူး။ ကျန်တဲ့ဘိုးဘွားတွေ ကူးစက်သွားရင် ကျွန်မတို့ ဘယ်လိုမှမတတ်နိုင်ဘူး။ နောက် ဂိလာနဖြစ်သွားရင်တော့ ဆည်းဆာရိပ်ကို လွှဲပေးတယ်။

 

“အသင်းစကတည်းက ဒီနေ့အထိ စောင့်ရှောက်ခဲ့တာက ၈၄ ယောက်ရှိသွားပြီ။ ဒါပေမယ့် ဆုံးပါးသွားတာတွေနဲ့ဆိုတော့ အခုလက်ရှိ သက်ရှိ ထင်ရှားကရိပ်သာတွင်းမှာ ၂၅ ယောက်၊ အပြင်မှာ ၁၁ ယောက်ဆိုတော့ လက်ရှိမှာ ၃၆ ယောက်ရှိ ပါတယ်။ ရိပ်သာမှာက ထားလို့ရတာ ၃ဝ အထိ ထားလို့ရတယ်ဆိုတော့ နောက်ထပ်နေရာလွတ် ငါးခုရှိတယ်။ ထပ်ပြီးကွင်းဆင်းထားတာတွေ ရှိတယ်။ ထပ်တိုးဖို့ရှိပါတယ်။ ၃ဝ ပြည့်အောင် ထားပါမယ်။ နောက်ဘေးမှာ မြေကွက်လဲထပ်ဝယ် ထားတယ်။ အဲဒါလေး ဆောက်ပြီးသွားရင်လည်း ဒီထက်ပိုထားနိုင်မှာပါ။”

 

“မြေကွက်ထပ်ဝယ်ဖြစ်တာ အသင်းရှစ်နှစ် ပြည့်ပြီးတော့မှ ဝယ်ဖြစ်တာ။ အဘိုးအဘွားတွေက ကျန်းမာရေးမကောင်းတာတွေ ပါလာရော။ အသက်ကြီးလာတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းတာတွေ ရှိတယ်။ တချို့ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ ပြရတာတွေလည်း ရှိတယ်။ သူတို့တွေက ညဘက်ကျရင် အော်တယ်။ အော်တော့ ဘေးကဘိုးဘွားတွေ အိပ်ရေးပျက်၊ ကျန်းမာရေး ချို့ယွင်းလာတယ်။ အဲဒီတော့ မဖြစ်ဘူးပေါ့နော်။ လက်ရှိအဆောက်အအုံရဲ့ ဘုရားခန်းဘေးမှာ အကန့်လေးရှိတယ်။ အဲဒီမှာက နှစ်ယောက်ပဲ ဆံ့တယ်။ အဲဒီလိုမျိုးဘိုးအဘွားတွေ ဖြစ်လာရင် ထားဖို့ ဘေးကမြေကွက်လေးကို သိန်း ၁၃ဝ နဲ့ ဝယ်လိုက်တယ်။ ဝယ်ပြီးတော့ တစ်ထပ်လေး ဆောက်မယ်ပေါ့။ ဆောက်ပြီးတော့ ဝန်ထမ်း ဆောင်လေးနဲ့ အများနဲ့ထားလို့ မရတဲ့အဘိုးအဘွား တွေကို ထားမယ်ဆိုပြီး ရည်ရွယ်ထားပါတယ်။”

 

“ငွေကြေးအခြေအနေအရ တစ်ထပ်ချင်း ဆောက်မယ်ပေါ့။ ဖောင်ဒေးရှင်းနဲ့ ပထမအထပ် အတွက်ကို ခန့်မှန်းခြေတွက်ထားတာတော့ သိန်း ၅ဝဝ လောက်ကျမှာပါ။ ဒါပေမယ့် လက်ထဲမှာတော့ မရှိသေးဘူး။ ဆောက်ရင်းတန်းလန်းနဲ့ အလှူခံရင်း ဆောက်သွားမှာပါ။”

 

“အခုကျွန်မတို့ဆီမှာ အဘိုးက ကိုးယောက်၊ အဘွားက ၁၆ ယောက် အားလုံး ၂၅ ယောက်ပေါ့ နော်။ ဒါကရိပ်သာတွင်းမှာ အပြင်မှာကျတော့ အဘိုးက လေးယောက်၊ အဘွားက ခုနစ်ယောက် ရှိပါတယ်။ အပြင်မှာကျတော့ အစတုန်းကလိုပဲ ကျွန်မတို့အလုပ်တွေ ပိတ်တဲ့အချိန်မှာ သူတို့အိမ်ကို သွားပြီးတော့ သူတို့နဲ့ အဖော်ပြုပေးတယ်။ ကျွန်မ တို့ဆီမှာ လုပ်အားပေးဆရာဝန်လေးတွေရှိတယ်။ သူတို့နဲ့လှည့်ပြီးတော့ အဘိုးအဘွားတွေ ကျန်းမာရေး စစ်ဆေးပေးတယ်။ တချို့အဘိုးအဘွားတွေ ပြင်ပမှာနေတယ်ဆိုပေမယ့် ဆေးရုံတင်ဖို့ လိုအပ် ရင်လည်း ဆေးရုံတင်ပေးတယ်။ ဆေးဝါးလည်း တစ်လတစ်ခါ သူတို့သောက်ရမယ့် အားဆေးတွေ၊ ဆီးချိုဆေးတွေကို တစ်လစာထောက်ပံ့တယ်။ စားဖို့သောက်ဖို့ကို သူတို့အတွက် တစ်လကို လေးသောင်းခွဲ သတ်မှတ်ပေးတယ်။ ဆေးကလည်း တစ်လစာပေါ့နော်။ ဒီကြားထဲမှာ ကျန်းမာရေး တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆေးခန်းပြပေးတာ၊ ဆေးရုံတင်ပေးတာတွေ လုပ်ပေးတယ်။ တခြားလည်း အဝတ်အစားတို့ စောင်၊ ခြင်ထောင်တို့ ထောက်ပံ့ ပေးပါတယ်''ဟု မဖြိုးသီရိက စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။

 

လူငယ်လူရွယ်ထုအတွင်း ပျံ့နှံ့နေသော အသိပညာ၊ အတတ်ပညာတို့မှာ မြို့တော် ရန်ကုန်အတွက် ခွန်အားသစ်များပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတွင် အစိုးရကိုချည်း အားမကိုးဘဲ မိမိလုပ်နိုင်သမျှ၊ မိမိတတ်စွမ်းသမျှ၊ မိမိကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင်ရွက် ခြင်းသည် နိုင်ငံတော် တည်ဆောက်ရေးတွင် လွန်စွာမှပင် အကျိုးရှိလှသည်။ စုပေါင်းညီညာစွာ ချစ်ဖွယ်ကောင်းသော အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နိုင်ခြင်းက လူငယ်ထု၏ စည်းလုံးညီညွတ်မှုကို ပြသလျက်ရှိသည်။ ယင်းသို့ စိတ်ရင်း စေတနာမှန်ဖြင့် လူငယ်အဖွဲ့အစည်းများ အား ကောင်းလာမည်ဆိုပါက ရန်ကုန်မြို့တော်ကြီးသည် နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့အဖြစ် မကြာမီ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

 

Save The Aged အဖွဲ့မှ ထူထောင်ထားသော အမည်မဲ့ဘိုးဘွားရိပ်သာကလေးမှ အပြန်တွင် မဖြိုး သီရိပြောပြခဲ့သော “''ကျွန်မတို့အဖွဲ့မှာ ဥက္ကဋ္ဌက မူသေမထားဘူး။ အလှည့်ကျလုပ်ကြတာပါ''ဟူသောစကားသံမှာ စာရေးသူနားထဲတွင် ပဲ့တင်ထပ်၍ ကပ်လျက်ပါလာခဲ့သည်။ ။

 

mdn