သက်ပြည့်ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်ကာလ လေးလခွင့်ပြုခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းပြောကြား

နေပြည်တော် ၃၀  ဇန်နဝါရီ

 

နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ သင်ကြားရေးဝန်ထမ်း ဆရာ ဆရာမများသည် တခြားနိုင်ငံ့ဝန်ထမ်းများနည်းတူ စာမေးပွဲကာလတွင် သက်ပြည့်ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်ကာလ လေးလခွင့်ပြုခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

 

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ သင်ကြားရေးဝန်ထမ်း ဆရာ ဆရာမများနှင့် အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ အခြားအမှုထမ်းများသည် နွေရာသီအားလပ်ရက်ရှည် ခံစားခဲ့ကြသည့်အတွက် ယခင်က အသက် ၆၀ ပြည့်သည့် ရက်မှသာ သက်ပြည့်ပင်စင် ခံစားခွင့်ပြုခဲ့သော်လည်း ၂၀-၉-၂၀၁၇ ရက်နေ့တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၇) ၏ သဘောတူညီချက်အရ အခြေခံပညာဦးစီးဌာနမှ (၂-၁၀-၂၀၁၇) ရက်စွဲပါ စာဖြင့် သက်ပြည့်ပင်စင်မယူမီ ကြိုတင်ပြင်ဆင်ခွင့် လေးလအား  ပျမ်းမျှလစာပြည့်ဖြင့် ခံစားခွင့်ပြုကြောင်း ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။

 

အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမများအား စာမေးပွဲကာလတွင် ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်မပြုဘဲ စာမေးပွဲကာလပြီးဆုံးမှ ခံစားခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေ၏ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ထိုကဲ့သို့ ခံစားခွင့်ပြုရခြင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း(၈) ပုဒ်မ ၈၁ အရ ဝန်ထမ်းအား သက်ပြည့်ပင်စင်မယူမီ

 

ကြိုတင်ပြင်ဆင်ခွင့် လေးလပေးရမည်ဟု ပြဋ္ဌာန်းထားခြင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ပင်စင်ဦးစီးဌာနတို့နှင့် ညှိနှိုင်းတင်ပြခဲ့ရာ အဆိုပါ ဌာနများမှလည်း နိုင်ငံဝန်ထမ်းဥပဒေအရသာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ပါတယ်။

 

မျိုးထက်ဦး(MDN)