သက်ရှည်ကျန်းမာ အာဟာရမျှတ

ယနေ့ကမ္ဘာတွင် ကျန်းမာရေးနှင့်ညီညွတ်သော ဘေးကင်းလုံခြုံသည့် အစားအစာ၊ အာဟာရပြည့်ဝသည့် အစားအစာ အလွန်နည်းပါးလာသည်ဟု ဆိုရမည်ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးနိုင်မှု နည်းပါးလာခြင်း ကြောင့် ကမ္ဘာ့လူသားများမှာ ရောဂါအမျိုးမျိုး ကြုံတွေ့လာပြီး လူ့သက်တမ်းပါ ထိခိုက်လာသည့်သဘော ရှိလာသည်။

ဤအရေးကို ဆင်ခြင်ကြည့်မည်ဆိုပါက စားသောက်ကုန်ထုတ်လုပ်မှု၌ စိန်ခေါ်မှုအမျိုးမျိုးနှင့် လူတို့၏ လူနေမှုဘဝပုံစံ ပြောင်းလဲလာမှု အဖုံဖုံတို့ကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်သည်။ စားသောက်ကုန်ထုတ်လုပ်မှု စိန်ခေါ်မှုအမျိုးမျိုးတို့တွင် အဓိကမှာ ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုတို့ကြောင့် စိုက်ရေးပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု များရှိလာရာ ရာသီသီးနှံ စိုက်ပျိုးမှုထိခိုက်ပြီး သီးနှံအထွက်နှုန်း၊ ကျဆင်းခဲ့သည်။ ရာသီဥတုတိုက်စားမှုသည် သီးနှံအထွက် သာမက အရည်အသွေးကိုပါ ယုတ်လျော့စေသည်။

ယနေ့ကမ္ဘာကြီးတွင် စက်မှုနည်းပညာများ တိုးတက်လာမှုနှင့်အတူ ယှဉ်တွဲပါလာသည့် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများသည် စိုက်ပျိုးရေးလုပ်ငန်းအပေါ် အမှီသဟဲပြုနေသည့် ကျေးလက်ဒေသများကို ကြီးမားသော ဆိုးကျိုးသက်ရောက်မှု ဖြစ်စေသည်။ အကျိုးဆက်အားဖြင့် သီးနှံများပျက်စီးဆုံးရှုံးမှု၊ အထွက်နှုန်းကျဆင်းမှု၊ အရည်အသွေး မပြည့်ဝမှုများ ဖြစ်ပေါ်လာပြီး လူမှုစီးပွား ချွတ်ခြုံကျမှု၊ စားနပ်ရိက္ခာမပြည့်စုံမှု၊ ဘေးကင်းလုံခြုံသည့် စားနပ်ရိက္ခာ ရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် ရင်ဆိုင်လာရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏တင်ပြချက်အရ ကမ္ဘာပေါ်တွင် ရှေးက စားနပ်ရိက္ခာအတွက် အပင်မျိုးပေါင်း ၆၀ဝ၀ ကျော်စိုက်ပျိုးခဲ့ သော်လည်း ယခုအခါ အဓိကသီးနှံပင် ကိုးမျိုးခန့်သာ စိုက်ပျိုးနိုင်တော့ကြောင်း စိုးရိမ်ဖွယ် သိရှိရသည်။ စားနပ်ရိက္ခာအဖွဲ့၏ သုံးသပ်ချက်အရ တိုးတက်များပြားလာသည့် ကမ္ဘာ့လူဦးရေကို ကျွေးမွေးနိုင်ရန် အဓိကစားသုံးသီးနှံ သုံးမျိုးဖြစ်သည့် ဂျုံ၊ ပြောင်းနှင့် ဆန်တို့ကို သဘာဝအတိုင်းမဟုတ်ဘဲ အထွက်တိုးနည်းလမ်းဖြင့် ထုတ်လုပ်နေကြရသည်။ ယင်းသည် လူသားများ ကျန်းမာရေးနှင့် ပြည့်စုံစေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အနုတ်လက္ခဏာ ဖြစ်သည်။

လူသားတို့၏ နေထိုင်မှုပုံစံ ပြောင်းလဲလာမှုသည် ကျန်းမာရေးဘက်တွင် ရေရှည်ထိခိုက် မှု ဖြစ်လာသည်။ တစ်ချိန်သော ကာလက မိသားစု ထမင် ဝိုင်းသည် ကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေသည်။ မျက်မှောက်ကာလတွင် လူမှုစီးပွားဘဝလိုအပ်မှု အခြေအနေ အမျိုးမျိုးတို့ကြောင့် လူတိုင်းလူတိုင်း အလုပ်နှင့်လက်ပြတ်သည်ဟူ၍ မရှိရအောင် ရုန်းကန်လှုပ်ရှား နေကြရသည်။ ထိုအခါ မိသားစုထမင်းဝိုင်း ကွယ်ပျောက်၍ အသင့်စား ထမင်းဝိုင်းဆီသို့ အများစု ရောက်ရှိ သွားကြသည်။

လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူအများ၏ စားသောက်နေထိုင် သွားလာလုပ်ကိုင်မှု၊ အသက်မွေးဝမ်းကျောင်းမှုများပါ ပြောင်းလဲလာ တော့သည်။ အထူးသဖြင့် ရာသီသီးနှံ၊ လတ်ဆတ်သောသီးနှံ၊ ကျန်းမာရေးနှင့် ညီညွတ်သော အမျှင်များသည့် သီးနှံများကို ချက်ချင်းချက်ပြုတ် စားသောက်သည့်ပုံစံမှ တာရှည်ထားရှိစားသုံးခြင်း၊ အသီးအနှံထက် အသားစားသုံးမှု ပိုလာခြင်း၊ ပြုပြင်ပြီး အစားအစာ၊ အသင့်စား အစားအစာများကို ဝယ်ယူစားသုံးတတ်သည့် အလေ့အကျင့်များ လာကြသည်။

ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုပုံစံများသည် ကမ္ဘာပေါ်ရှိ လူသားများ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု များလာရခြင်း၏ အကြောင်းတရား များဖြစ်လာသည်။ ထို့ကြောင့်ကျန်းမာရေးနှင့် ညီညွတ်သည့် ရေရှည်တည် တံ့ခိုင်မြဲသော စားနပ်ရိက္ခာများကို လူတိုင်းစားသုံးနိုင်ရေးသည် ချက်ချင်းလုပ်ဆောင်ရမည့် လိုအပ်ချက်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့က အသိပေးထားသည်။

သို့ဖြစ်ရာ တိုးတက်လာသော လူဦးရေကို ဝလင်စွာကျွေးမွေးနိုင်ရေးအပြင် ကျန်းမာသန်စွမ်းသည့် အနာဂတ် မျိုးဆက်သစ်များ ကို မွေးထုတ်ပေးနိုင်ရန်အတွက် ဘေးကင်းလုံခြုံစိတ်ချရသော အစားအစာများ ထုတ်လုပ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားတိုးတက်ရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။    ။

ကြေးမုံ