သက်သတ်လွတ် ရှမ်းပဲပုပ်ကြော်

ယခုလို ခရီးသွားရာသီမှာ လူတိုင်းနီးပါး အပန်းဖြေခရီးလေးတွေ သွားတတ်ကြပါတယ်။ ကိုယ်သွားရောက်လည်ပတ်တဲ့နေရာက ဒေသထွက် အစားအစာလေးတွေကိုလည်း နှစ်နှစ် သက်သက် မြည်းစမ်းတတ်ကြပြီး ကိုယ့်ရဲ့ မိတ်ဆွေတွေကိုလည်း ပြန်လည်မျှဝေတတ် ကြပါတယ်။ အစားကောင်းလေးစားရရင် ကိုယ့်ရဲ့ချစ်သူခင်သူတွေကို ပြန်ပြီးမျှဝေတတ်တာ မိတ်ဆွေကောင်းတို့ရဲ့ သဘာဝပဲ မဟုတ်ပါလား။ အဲဒီတော့ ကျွန်မလည်း ချစ်မိတ်ဆွေတို့အတွက် အာဟာရလည်းဖြစ် အရသာလည်းရှိ ပြုလုပ်ရမှာ လွယ်ကူရိုးရှင်းပြီး ခံတွင်းမြိန်စေမယ့် ရှမ်းပြည်နယ်က အရန်ဟင်း တစ်ခွက်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ အသား၊ ငါးတွေကို စားရတာရိုးအီနေတဲ့မိတ်ဆွေတွေ အတွက်ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်။ သက်သတ်လွတ် စားသုံးသူမိတ်ဆွေများ အတွက်ကတော့ အကြိုက်တွေ့နေတဲ့ အရန်ဟင်းခွက်လေးလို့ ယူဆမိပါတယ်။ ကျွန်မမျှဝေမယ့် အရန်ဟင်းလေးကတော့ ပါးအို့နီရှမ်းမလေးတို့ရဲ့မီးဖိုချောင်မှာ မရှိမဖြစ် ထားကြတဲ့ ရှမ်းပဲပုပ်ကြော်လေးပဲဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့

 

ရှမ်းပဲပုပ် - ၁ဝ ကျပ်သား

 

ကြက်သွန်နီ ဥကြီး - သုံးလုံး

 

ကြက်သွန်ဖြူ - တစ်လုံး

 

ချင်း - အနည်းငယ်

 

မြေပဲလှော် - ငါးကျပ်သား

 

ဆီ - ငါးကျပ်သား

 

ငရုတ်သီးအပုတောင့် - သုံးတောင့်

 

ဆား - အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

 

ရှမ်းပဲပုပ်ကြော်ရန်ပြင်ဆင်ပုံ

 

ရှမ်းပဲပုပ်အဝိုင်းပြားလေးတွေကို ကြော် လို့ အဆင်ပြေမယ့် အရွယ်လေးတွေ ကတ်ကြေးနဲ့ ညှပ်ထားပါ။ 
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို အခွံနွှာပြီး ရေစင်စင် ဆေးပါ။ ကြက်သွန်နီကိုကြော်ရင် ကြွပ်စေဖို့ အတွက် ခပ်ပါးပါးလေး လှီးပါ။ ကြက်သွန် ဖြူကိုလည်း ခပ်ပါးပါးလှီးပါ။ ချင်းကိုတော့ ညက်ညက်ကလေးထောင်းထားပါ။ တချို့ ကတော့ ချင်းကို အချောင်းလိုက်ကလေးတွေ လှီးတတ်ကြပါတယ်။ ငရုတ်သီးအပုတောင့် သုံးတောင့်ကိုလည်း ရေစိမ်ပြီး မညက်တညက် လေးထောင်းထားပါ။ ငရုတ်သီးမထောင်းချင် တဲ့ အိမ်ရှင်မတွေက အသင့်ကြိတ်ပြီးသား ငရုတ်သီးခွဲခြမ်းအနည်းငယ်ကို အသုံးပြုနိုင်ပါတယ်။

 

ကြော်လှော်ပုံ

 

ပထမဆုံး ဒယ်အိုးကို အပူပေးပြီး ဆီငါး ကျပ်သားထည့်ပါ။ ဆီပူလာရင် ကတ်ကြေးနဲ့ ညှပ်ထားတဲ့ ပဲပုပ်လေးတွေကို ဒယ်အိုးထဲထည့် လိုက်ပါ။ ဆီပူနေတာမို့ ထည့်ပြီး နည်းနည်း မွှေကာ ပဲပုပ်လေးတွေကို ပြန်ဆယ်ပါ။ မဟုတ်ရင် တူးသွားတတ်ပါတယ်။ အိုးထဲက ဆယ်ထားတဲ့ ပဲပုပ်လေးတွေကို ပန်းကန်တစ်ချပ်နဲ့ အအေးခံထားပါ။ ပြီးရင် တော့ အိုးထဲက လက်ကျန်ဆီနဲ့ပဲ ကြက်သွန် ဖြူ၊ ကြက်သွန်နီကို သတ်သတ်စီခွဲကြော်ပါ။ ကြက်သွန်တွေကြော်ပြီးရင်တော့ ထောင်း ထားတဲ့ ချင်းကို အိုးထဲထည့်မွှေပြီး ဆီသတ်ပါ။ ချင်းမွှေးလာတဲ့အခါ ထောင်းထားတဲ့ သို့မဟုတ် အသင့်ကြိတ်ထားတဲ့ ငရုတ်သီးကို ထည့်ကြော် ပါ။ ဆီပူပူလေးနဲ့ ကြော်တာမို့ အကြာကြီးထား စရာ မလိုပါဘူး။ ခဏနေရင် မီးပိတ်ပြီး အပူရှိန် လက်ကျန်နဲ့ စောစောကကြော်ထားတဲ့ ပဲပုပ်၊ ကြက်သွန် ဖြူ /နီ ကြော်၊ အိုးထဲက ငရုတ်သီး ကြော်တို့ကို ရောထည့်မွှေလိုက်ပါ။ အဆုံး သတ်မှာ မြေပဲလှော်နဲ့ ဆားလေးနည်းနည်း ထည့်မွှေပါ။ ဒါဆိုရင်တော့ လွယ်ကူပြီး အရသာလည်းရှိ အာဟာရလည်းဖြစ်တဲ့ သက်သတ်လွတ်အရန်ဟင်းတစ်ခွက်ကို ရရှိပါပြီ။ အချိုကြော်စားချင်သူတွေက ငရုတ်သီး မထည့်ဘဲ အထက်ပါအတိုင်း ကြော်နိုင်ကြ သလို ဂျူးမြစ်ကြိုက်သူတွေကလည်း ဂျူးမြစ်လေးနဲ့ တွဲဖက်ကြော်လို့ ရပါသေးတယ်။

 

လဝန်းချိုချို(YU)