သက်တိုင်းရင်းသားတို့၏ ခေါင်းပေါင်းတင်မင်္ဂလာဓလေ့

မောင်မောင်ကျော့ (ပလက်ဝ)

 

သက်အမျိုးသမီးကြီးတို့၏ နားကွင်းကြီးအလှ

 

ငယ်စဉ်က ကျောင်းသင်ဘာသာရပ်များတွင် မြန်မာနိုင်ငံသို့ ရှေးဦး ဝင်ရောက်နေထိုင်ခဲ့ကြသည့် မြန်မာတို့၏ ဘိုးဘေးဘီဘင် ပျူ၊ ကမ်းယံ၊ သက်တို့ အကြောင်းကို မှတ်ဖူးခဲ့၊ ကျက်ဖူး ခဲ့ပါသည်။ သို့သော် သက်တိုင်းရင်းသားတို့ ရခိုင်ပြည်နယ် မြောက်ဖျားဒေသတွင် နေထိုင်လျက် ရှိကြသည်ကို မသိခဲ့ပါ။ ထွန်းရွှေခိုင် (စစ်တွေကောလိပ်) ၏ ရခိုင်မြောက်ဖျား ဒေသမှ သက်တိုင်းရင်းသားများ စာအုပ်ကို ဖတ်မိသောအခါမှ ရခိုင်ဒေသတွင် သက်တိုင်းရင်းသားများလည်း နေထိုင်ကြောင်း သိခဲ့ရသည်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးအသီးသီးတို့ မရှိ အတူ ရှိအတူ အေးအတူ ပူအမျှ အတူတကွ စုပေါင်း နေထိုင်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ တိုင်းရင်းသား လူမျိုးများတွင် ကိုယ်ပိုင်စာပေ၊ စကားနှင့် ယဉ်ကျေးမှုရှိရာ လူမျိုးတစ်မျိုး၏ ဓလေ့ထုံးတမ်းစဉ်လာ၊ စာပေ၊ စကား၊ ယဉ်ကျေးမှုတို့ကို ညီနောင်တူဖွား တိုင်းရင်းသား အားလုံးတို့ သိရှိနားလည်ထားကြဖို့ လိုအပ်ပေသည်။ ထို့အတူ လူမျိုးတစ်မျိုး၏ အမှတ်အသား သင်္ကေတများကိုလည်း သိရှိထားရန် အရေးကြီးပေသည်။ စာရေးသူသည် မိမိတိုင်းပြည်၊ မိမိတို့သွေးချင်း၊ မိမိတို့ တိုင်းရင်းသား အကြောင်းကို စိတ်ဝင်စားသူ ဖြစ်လေရာ မိမိလေ့လာမိသည့် သက်တိုင်းရင်းသားတို့၏ ခေါင်းပေါင်းတင် မင်္ဂလာဓလေ့ အကြောင်းကို လွယ်လင့်တကူ သိရှိနိုင်စေရန် မျှော်ကိုးလျက် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။

 

သက်တိုင်းရင်းသား

 

ယခုလေ့လာတင်ပြသော ရခိုင်ပြည်နယ်မြောက်ဖျားမှ သက်လူမျိုးတို့သည် မိမိကိုယ်မိမိ အဆက်ခ် (ASAK)၊ ဆက်ခ်(SAK) လူမျိုးဟု ခေါ်သည်။ အဆက်ခ်၊ ဆက်ခ်မှ သက်ဟု ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်ကို ချစ်မြတ်နိုးသူဟု အဓိပ္ပာယ်ရသည်။ အချို့ သမိုင်းပညာရှင်များက သက်သည် သကျမှ ရွေ့လျောလာသော စကားဖြစ်သည်ဟု ယူဆကြ၏။ ရခိုင်သမိုင်း ပညာရှင်တို့ ကလည်း သက်လူမျိုးတို့သည် သကျလူမျိုးတို့မှ ဆင်းသက်လာသူ ဖြစ်ကြောင်း ''သကျဝတ'' တတ်နိုင်လေစွ တကားဟု ချီးမွမ်းပြောဆိုသော စကားကိုစွဲ၍ ရှေးအခါက သကျလူမျိုးဟု ခေါ်တွင်ခဲ့ကြကြောင်း၊ သကျလူမျိုးတို့မှား မွန်ဂိုလွိုက် အနွယ်တို့ပင် ဖြစ်ကြောင်း၊ မွန်ဂိုလွိုက်တို့သည် ရခိုင်သို့ ဝင်ရောက်လာသည့် ရှေးဦးလူများဖြစ်ကြောင်း၊ သကျမှသက်ဟု အသံပြောင်းလဲ ခေါ်တွင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။

 

ရခိုင်ဒေသတွင် ယနေ့တိုင် မောင်တောမြို့နယ် ဝေလာတောင်၊ အင်တူလာ၊ ဘော်တူလာ၊ ခမောင်းဆိပ်၊ တိုက်ချောင်း၊ တမန်းသား၊ သက်ကညာ၊ မောင်တောမြို့မှ ခြောက်ရပ်ကွက်၊ လေးမိုင်ဇော်၊ အင်းဒင်ရွာ၊ ဘူးသီးတောင်မြို့နယ် ဂုပ္ပိ၊ ပြလွန်တပ်သက်ရွာ၊ ရသေ့တောင်မြို့နယ် အောက်ဆိပ်၊ ရွက်မြင်ချောင်းဝ၊ တောင်ရင်းတန်း၊ မြောက်ဦးမြို့နယ် အောင်မင်္ဂလာ မြို့သစ်၊ လက်ကောက်ဈေး၊ ဆန်ချဆိပ်၊ စစ်တွေမြို့နယ်၊ မင်းတရာချိန်တို့တွင် ပျံနှံ့နေထိုင်လျက် ရှိကြသည်။

 

ဆင်းသက်ပေါက်ဖွား သက်တိုင်းရင်းသား

 

သက်တို့သည် တိဘက် - မြန်မာအုပ်စုဝင် ဖြစ်သည်။ ပါမောက္ခလုစ်၏ အဆိုအရ သက်လူမျိုးတို့သည် မြန်မာပြည်တွင် တွေ့ရှိရသည့် တိဘက်တိုဘာမင်းစကားပြောဆိုသော လူမျိုးစုများ အနက် ရှေးအကျဆုံးသော လူမျိုးစုတစ်စု ဖြစ်သည်ဟု ဆိုပေသည်။ သက်တို့သည် မြန်မာနိုင်ငံ မြောက်ဘက်မှ ဝင်ရောက်လာရာ မဏိပူရ၊ ကဘော်ချိုင့်ဝှမ်း၊ ဟူကောင်းတို့တွင် မူလ အခြေချ နေထိုင်ကြသည်။ မဏိပူရမှ အရှေ့ဘက် ဧရာဝတီမြစ်အထိ ပျံ့နှံ့ခဲ့သည်။ ပုဂံမြို့ထိအောင် ကျယ်ပြန့်လာခဲ့ဟန် တူပါသည်။ ကသာခရိုင်၊ ဧရာဝတီမြစ်အရှေ့ဘက် ကမ်းတွင်တည်ရှိခဲ့သော မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော မြို့ပြနိုင်ငံတစ်ခု ဖြစ်သည့် တကောင်းမြို့မှာ တိဘက် - မြန်မာ စကားအနွယ်ဝင် သက်တို့၏ မြို့တော်ဖြစ်သည်ဟု ဆိုပါသည်။

 

သမိုင်းသုတေသီ ဦးရည်စိန်က မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဘာသာစကားများ ခွဲခြား တင်ပြမှု စာတမ်းတွင် တိဘက် - မြန်မာ အနွယ်အဖြစ် ဖော်ပြထား ပါသည်။ အဆိုပါ သက်အစုတွင် ကဒူး၊ ကနန်း၊ သက် စသော တိုင်းရင်းသားတို့မှာ မျိုးနွယ်တူများပင် ဖြစ်ကြသည်။ ယနေ့တိုင် မူးမြစ်ဝှမ်းဒေသနှင့် တကောင်းဒေသတို့တွင် တွေ့ရသော ကဒူး၊ ကနန်းတို့မှာလည်း မိမိကိုယ်မိမိ အဆက်ခ်ဟု ခေါ်ကြရာ ရခိုင်ဒေသရှိ သက်လူမျိုးတို့မှာလည်း ဖော်ပြပါ ဒေသတွင် ကြီးစိုးနေထိုင်ခဲ့သော သက်၊ ကဒူး၊ ကနန်းတို့နှင့် မျိုးနွယ်တူ (သို့မဟုတ်) ၎င်းတို့မှ ဆင်းသက် လာသူများ ဖြစ်ကြသည်ဟု ရေးသားထား ပါသည်။

 

 

သက်လူမျိုးတို့သည် အမျိုးသားရော အမျိုးသမီးပါ ငွေနားကွင်း ပန်ဆင်ခဲ့ကြသည်။ ထူးခြားသည်မှာ အမျိုးသမီးများနားကို ဖောက်၍ နှစ်လက်မခန့်အထိ ချဲ့ထားသော နားကွင်းကြီးများပင် ဖြစ်ပေသည်။ ဤသို့ ငွေနားကွင်းကြီးများ ပန်ဆင်သည့် ဓလေ့ကို ပလက်ဝဒေသရှိ ခူမီး တိုင်းရင်းသူ ကြီးများလည်း အမြတ်တနိုး ပန်ဆင်နေသေးကြကြောင်း တွေ့ရသည်။ ဤသို့ သိသာ ထင်ရှားသော နားကွင်းကြီးများကို ရှေးနှစ်ပေါင်းများစွာကပင် ဆင်ယင်ခဲ့ကြသည်။ တရုတ် မှတ်တမ်းများတွင် ယူနန်နယ်၏ အနောက်ဘက်တွင် နားဖောက်မျိုးနွယ်စုများသည် အေဒီ တစ်ရာစုကပင် အခြေချ နေထိုင်ကြကြောင်းနှင့် နားကြီးနိုင်ငံသည် ဟူးကောင်းတောင်ကြားနှင့် ဥရု ချောင်းဖျားဒေသ ဖြစ်ကြောင်း ဖော်ပြထား ပေသည်။

 

အေဒီ ၉ ရာစု ရောက်သည့်အခါ သက်တို့သည် ဟူးကောင်းတောင်ကြားနှင့် ဥရုချောင်းဖျားသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ဤသို့ ရောက်ရှိခဲ့ရခြင်းမှာ ကော်လော်မင့်၏ စစ်ဆင်မှုကြောင့် အနောက်ဘက်သို့ တိမ်းရှောင်ခဲ့မှုကြောင့် ဖြစ်သည်ဆို၏။ ထိုမှတစ်ဖန် ကျောက်ဆည်၊ ပုဂံဒေသသို့ ရွှေ့ပြောင်းခဲ့ ကြသည်။ မြန်မာပြည် အလယ်ပိုင်း ကျောက်ဆည် ဒေသသို့ မြန်မာများ အခြေချ ဝင်ရောက်လာသောအခါ အဆိုပါ ဒေသတွင် သက်လူမျိုးတို့ ရှိနှင့်ပြီဖြစ်သည်ဆို၏။

 

ဤသို့ သက်လူမျိုးတို့ မူရင်းနေထိုင်ရာ မြောက်ပိုင်း တစ်ခွင်မှ ပုဂံ၊ ကျောက်ဆည်၊ သရက်ဒေသများသို့ ရောက်ရှိခဲ့မှုနှင့် ပတ်သက်၍ ဗိုလ်မှူးဘရှင်က သက်လူမျိုးတို့သည် မြန်မာပြည် မြောက်ပိုင်း အထက် ချင်းတွင်းဒေသ တစ်ဝိုက်တွင် အခြေချ နေထိုင်ခဲ့ကြရာ နောက်ပိုင်း ဝင်ရောက်လာကြသော ချင်းလူမျိုးနှင့် နာဂလူမျိုးများ ဝင်ရောက်အခြေချရာမှ သက်လူမျိုးတို့ ထပ်မံ၍ ကွဲထွက်ကာ တောင်ဘက်အရပ်သို့ တစ်ဆင့်တိုး၍ ရွှေ့သွားခဲ့ဟန် ရှိသည်ဟု ဖော်ပြထား ပါသည်။

 

မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ တောင်ဘက်သို့ ရွှေ့ပြောင်းလာခဲ့သော သက်လူမျိုးတို့သည် အစုနှစ်စုကွဲထွက်ပြီး တစ်စုသည် ရခိုင်မြောက်ဘက်သို့လည်းကောင်း၊ အခြားတစ်စုသည် ရခိုင်ရိုးမအရှေ့ဘက် ဆင်ခြေလျှော၊ ပုဂံ၊ ကျောက်ဆည်၊ မင်းတုန်း၊ သရက် စသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။ ဤသို့ နှစ်စုခွဲ၍ သက်လူမျိုးတို့ အခြေချလာမှုကို ခေတ်ပြိုင် ရခိုင်မှတ်တမ်းများနှင့် ပုဂံရာဇဝင်တို့တွင် အထင်အရှား တွေ့ရှိရသည်။ မြန်မာပြည် အလယ်ပိုင်းဒေသသို့ မြန်မာများ အခြေချနေထိုင်မှုသည် သက်လူမျိုးတို့အား ရခိုင်သို့တွန်းပို့ခဲ့သည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။

 

ရခိုင်ဒေသတွင် သက်တို့၏ အခန်းကဏ္ဍမှာ မှေးမှိန် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့တိုင် အထင်အရှား တွေ့ရှိရသည်။ သုတေသီဘားနောက ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သက် ဘာသာစကား ပြောဆိုသူ သက်လူမျိုး ၆၉၁ ဦးသာတွေ့ရသည်ဟု ဖော်ပြ ထားပေသည်။ ၁၉၈၂ ခုနှစ်တွင် ဆရာ ထွန်းရွှေခိုင် ရေးသားသည့် စာအုပ်တွင် ရခိုင်ဒေသ၌ သက်လူမျိုး ၁၆ဝ၂ ဦးရှိသည်ဟု ဖော်ပြထားသည်။ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ အထိ ရခိုင်ပြည်နယ် လဝကမှ တောင်းယူ ရရှိထားသည့် စာရင်းတွင် သက်လူမျိုး ၂၈ဝဝ ရှိသည်ဟု ဖော်ပြထားပါသည်။ သက်ရွာတိုင်းလိုလို သက်ဘာသာစကားကို ရှေးမူမပျက် ပြောဆိုနေကြ သော်လည်း ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံ ဝတ်စားဆင်ယင်မှုတို့ကိုကား ထိန်းသိမ်းနိုင်မှု နည်းပါးနေချေသည်။ နောင်တွင် ရိုးရာဘာသာစကား ပျောက်ကွယ်သွားမည်ကို စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည်။

 

ခေါင်းပေါင်းတင်မင်္ဂလာဓလေ့

 

သက်တို့၏ ရိုးရာဝတ်စားဆင်ယင်မှုတွင် ခေါင်းပေါင်းတင်မင်္ဂလာဓလေ့မှာ ရိုးရာယဉ်ကျေးမှု လက္ခဏာတစ်ရပ်အဖြစ် ယနေ့တိုင် ပီပြင်စွာ ဖော်ဆောင်နေ ပါသေးသည်။ သက်အမျိုးသား တို့သည် ယခုအခါ ရိုးရိုးလုံချည် အဖြူဆင်အကွက်နှင့် အင်္ကျီလည်ကတုံး ဝတ်ဆင်ကာ အပြင်ဖုံး တိုက်ပုံအနက်တွင် ရှေ့လည်ပင်းအောက်နှင့် လက်အဖျားတွင် အဖြူ၊ ပန်းရောင်၊ အစင်းနှစ်ခုပါသည့် တိုက်ပုံကို ဝတ်ဆင်ကြသည်။ ရှေးယခင်က မိမိတို့မူရင်း ဒေသတွင် နေထိုင်ခဲ့စဉ် ရိုးရာ ဝတ်စားဆင်ယင်မှုတွင် စလွယ်သိုင်းကို ဆင်ယင်ခဲ့ကြသည်ဟု ဆို၏။ ထိုဒေသတွင် သက်လူမျိုးတို့ကို လိုက်လံ သတ်ဖြတ်သည့် ရန်ကြောင့် စလွယ်အစား မိမိတို့ ရိုးရာလည်း မပျက်ရအောင် ဘေးရန်မှလည်း လွတ်ကင်းအောင် ရည်ရွယ်၍ စလွယ်မှခါးကြိုးသို့ ပြောင်းလဲ ဆင်ယင်ခဲ့ကြသည်။

 

 

ယခုအခါ ရှေးရိုးရာဝတ်စားဆင်ယင်မှုမှာ ပျောက်ကွယ် သွားခဲ့ပေသည်။ ယနေ့တိုင် ထိန်းသိမ်း စောင့်ရှောက်နိုင်စွမ်း ရှိသည့် ခေါင်းပေါင်းတင်မင်္ဂလာ ဆင်ယင်ထုံးဖွဲ့မှု ဓလေ့မှာ သက်တို့၏ ရိုးရာယဉ်ကျေးမှုတစ်ရပ် အနေဖြင့် ရှိနေသေးသည့် ထူးခြားသော ဆင်ယင်ထုံးဖွဲ့မှု တစ်ခုဖြစ်သည်။ သက်လူပျို၊ လူရွယ်တိုင်း ဆင်ယင်ကြရသည့် ခေါင်းပေါင်းဖြူပင် ဖြစ်သည်။ သက်တို့က ခေါင်းပေါင်းဖြူကို ''အပေါင်း''ဟု ခေါ်သည်။

 

သက်အမျိုးသမီးတို့သည်လည်း ဦးခေါင်းပေါ်တွင် ''ရက်ကန်းပေါင်း'' အဝတ်ခေါင်းပေါင်း ကြသည်။ အမျိုးသမီး ဦးခေါင်း ရိုက်ပတ်ရုံ သုံးပေခန့်ရှိသော စတုရန်းပုံ အဝတ်အစားကို ထောင့်ဖြတ်ခေါက်ကာ နားထင်တစ်လျှောက် ရစ်ပတ်ထားခြင်း ဖြစ်သည်။ ခေါင်းပေါင်း၏ ထိပ်ပိုင်းတွင် အနည်းငယ် ပေါ်နေသည်။ ခေါင်းပေါင်းမှာ အနက်ရောင် ဖြစ်သည်။

 

ဤသို့ခေါင်းပေါင်း ပေါင်းခြင်းကို သက်မောင်မယ်တို့ (၁၅)နှစ်၊ (၁၆)နှစ်အရွယ် လူပျို၊ အပျိုဖော်ဝင်စတွင် လူပျိုခေါင်း၊ အပျိုခေါင်းတို့က မင်္ဂလာအခမ်းအနားဖြင့် ပေါင်းပေးကြသည့် ဓလေ့ဖြစ်သည်။ သက်သမီးပျိုတို့မှာမူ အပျိုဖော်ဝင်သည်မှစ၍ ခေါင်းပေါင်းကို အမြဲပေါင်းထားလေ့ရှိသည်။

 

ခေါင်းပေါင်းတင်မင်္ဂလာ အခမ်းအနားကျင်းပပုံ

 

သက်လူမျိုးတို့အဖို့ အရွယ်ရောက်ခြင်း၊ လူပျို၊ အပျိုဖော်ဝင်ခြင်းသည် မင်္ဂလာတစ်ပါးဟု ယူဆကြသည်။ လူ့လောကအလယ်တွင် တစ်အိုးတစ်အိမ် ထူထောင်နိုင်ခြင်း၊ မိမိဝမ်းကို မိမိကျောင်းနိုင်သော ဘဝသို့ ကူးပြောင်းဝင်ရောက်ချိန် ရောက်ရှိခြင်းတို့ အတွက် ဂုဏ်ယူ ချီးမြှောက်လေ့ ရှိသည်။ အားသစ်မွေးခြင်း ဟုလည်းခေါ်၏။ သက်အမျိုးသားတို့ အရွယ်ရောက်ပြီး လူပျိုဖော်ဝင်စတွင် ခေါင်းပေါင်းတင် မင်္ဂလာပွဲကို ကျင်းပလေ့ ရှိကြသည်။ ခေါင်းပေါင်းတင် မင်္ဂလာ အခမ်းအနားသည် လူပျို စာရင်းသွင်းသည့်ပွဲ၊ လူပျိုအဖြစ် တရားဝင် သတ်မှတ်ပေးသည့်ပွဲပင် ဖြစ်သည်။

 

ခေါင်းပေါင်းတင်မင်္ဂလာအခမ်းအနား ပြုလုပ်ရန်အတွက် သက်ဆိုင်သူသည် မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာလသားများထံ ဆက်သွယ် တင်ပြရသည်။ ထို့နောက် ကာလသားခေါင်းသည် ရွာရှိ လူပျိုကာလသားများနှင့် တိုင်ပင်ကာ အခမ်းအနား ရက်သတ်မှတ် ရသည်။ လူကြီးလူငယ်အားလုံးကို ဖိတ်ကြားရသည်။ သတ်မှတ်ရက်သို့ ရောက်သောအခါ ကြွရောက်လာသော ဧည့်ပရိသတ်များအား ကြက်သား၊ ဝက်သား၊ တစ်မျိုးမျိုးဖြင့် ချက်ပြုတ် ဧည့်ခံကျွေးမွေးရန် အဆင်သင့် စီစဉ်ထားရသည်။

 

ခေါင်းပေါင်းမှားအရှည် ကိုးတောင်ရှိ၍ အနံတစ်တောင်ခန့်ရှိသော ဖြူစင်သည့် ပိတ်စ ဖြစ်သည်။ ၎င်းခေါင်းပေါင်းကို လူပျိုခေါင်း လုပ်သူက လူသစ်လူပျိုအား ခေါင်းပေါင်း ပေါင်းပေးရသည်။ ခေါင်းပေါင်းစွန်ကို ဘယ်ဘက်တွင် ချထားရသည်။ ထို့နောက် လူပျိုခေါင်းက မောင်....သည် လူပျိုဖြစ်သည်၊ ယောကျာ်းကောင်း တစ်ယောက်အဖြစ်သို့ ရောက်ရှိနေပြီဟူ၍ ကြေညာ ပေးရသည်။ ကြွရောက်လာသော ပရိသတ်အပေါင်းတို့က လက်ခုပ်သြဘာတီး၍ ကောင်းချီးပေး ကြရသည်။ ခေါင်းပေါင်းတင်မင်္ဂလာ ပြီးမြောက်သောအခါ ဧည့်ခံကျွေးမွေးကြသည်။ ဤသို့ဖြင့် ခေါင်းပေါင်းတင်မင်္ဂလာပွဲကို ဆင်နွှဲကြရသည်။

 

ဤခေါင်းပေါင်းတင်မင်္ဂလာပွဲကို ''အပေါင်း ပေါင်းဟေ့''ဟု ခေါ်သည်။ ဤမင်္ဂလာပွဲကို အလေးအနက်ထား ပြုလုပ်ကြသည်။ အရွယ်ရောက်ပြီး ခေါင်းပေါင်းတင်မင်္ဂလာ မပြုလုပ် ရသေးသူများအား အလှူမင်္ဂလာပွဲ၊ ထိမ်းမြား မင်္ဂလာပွဲတို့တွင် ဝင်ရောက် လုပ်ကိုင်ခွင့်မပြု ရချေ။ ခေါင်းပေါင်းတင် မင်္ဂလာပြုပြီး ခေါင်းပေါင်းတင်ခွင့် ရရှိသွားပါက အလှူအတန်း ပွဲများတွင် ခေါင်းပေါင်းဖြူ တစ်ထောင်ထောင်နှင့် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိကြလေသည်။

 

သက်လူမျိုးတို့၏ အလှူမင်္ဂလာပွဲ၊ ရာသီပွဲတို့တွင် စားရေးသောက်ရေးအတွက် စီမံခန့်ခွဲမှုကို ရွာ၏ အပျို၊ လူပျိုများကသာ အစအဆုံး ဦးဆောင်ဦးရွက် ဆောင်ရွက်ပေး ရသည်။ ခေါင်းပေါင်းတင်မင်္ဂလာပွဲ မဆင်နွှဲရသူသည် ဤသို့သော ပွဲမျိုးတွင် ပါဝင်ဆောင်ရွက်ခွင့် မရရှိဘဲ လူရာမဝင် ဖြစ်နေတတ်သည်။ ထို့ကြောင့် ဤခေါင်းပေါင်းတင်မင်္ဂလာသည် သက်လူမှုရေးအဖွဲ့အစည်း၏ စည်းနှောင်အား ကောင်းသော ဓလေ့တစ်ခုဟု ဆိုနိုင်ပါသည်။ ယနေ့တိုင် ယဉ်ကျေးမှု လက္ခဏာတစ်ရပ် နေဖြင့် ရိုးရာမူမပျက် ထိန်းသိမ်းထားရှိသည့် ဓလေ့တစ်ခုဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။     ။

 

SHARE THIS ON SOCIAL MEDIA