သက်တန့်ရောင်စီမံချက်ဖြင့် လှည်းကူးမြို့နယ်ရှိ တောင်သူ ၆၄၈၄ ဦးအား မျိုးစပါးများ အခမဲ့ထောက်ပံ့ပေးအပ်

လှည်းကူး ၁၅ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သက်တန့်ရောင် စီမံချက်ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် မုဆိုးညောင်ပင်ကျေးရွာရှိ တောင်သူ ၃၄၄ ဦးထံ မျိုးစပါးများ အခမဲ့ စတင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မုဆိုးညောင်ပင်ကျေးရွာအုပ်စု၊ ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

မျိုးစပါးများ အခမဲ့ထောက်ပံ့ပေးအပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးကာလအတွင်း တောင်သူများ စပါးစိုက်ပျိုးရာတွင် မျိုးကောင်း မျိုးသန့် စပါးမျိုး တို့ကို ပြောင်းလဲစိုက်ပျိုးစေခြင်းဖြင့် စပါးအထွက်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ သက်တန့်ရောင် စီမံချက်ဖြင့် မျိုးစပါးများအား အခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူများမှ ဆက်လက် စိုက်ပျိုးထုတ်လုပ်ရမည့် လုပ်ငန်းစဉ်တို့အား ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

 

လှည်းကူးမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း လျော့ကျသွားမှုမရှိစေရန် ကျေးရွာအုပ်စု ၅၃ အုပ်စုမှ တောင်သူ ၆၄၈၄ ဦးတို့အတွက် မျိုးစပါးတင်းပေါင်း ၁၅၀ဝ၀  အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ ဇွန် ၁၄ ရက်မှ စတင်ကာ မုဆိုးညောင်ပင်ကျေးရွာအုပ်စုရှိ တောင်သူ ၃၄၄ ဦးအတွက် ဆင်းသုခ မျိုးစပါး တစ်တင်းခွဲ အိတ် ၅၂၉ အိတ်ကို မိုးစပါးအမီ အခမဲ့ စတင်ထောက်ပံ့ပေးအပ်နေပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေထံမှ သိရသည်။

 

မျိုးစပါး အခမဲ့ထောက်ပံ့ပေးအပ်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးဇော်လင်း၊ ခရိုင်ဦးစီးမှူး ဦးမိုးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)