(SME) လုပ်ငန်းများကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် စက်မှုဇုန်များ၊ စက်ရုံစုများ ဖော်ဆောင်ပေးရန်လိုအပ်

နေပြည်တော် အောက်တိုဘာ ၃

 

မော်လမြိုင် စက်မှုဇုန်တွင် အကြီးစား၊ အလတ်စား၊ အငယ်စား စက်မှုလုပ်ငန်းများမှ အစားအစာ ထုတ်လုပ်ခြင်း၊ ဆေးရွက်ကြီးနှင့် ပတ်သက်သော ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အဝတ်အထည် ထုတ်လုပ်ခြင်း၊ ဓါတုဗေဒပစ္စည်းများနှင့် ဓါတုဗေဒထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ စက္ကူနှင့် စက္ကူထုတ်ကုန်များ၊ ရော်ဘာနှင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အခြားသတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အခြေခံသတ္တု ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်း၊ စက်နှင့်စက်ပစ္စည်း ထုတ်လုပ်ခြင်း၊ ပြင်ဆင်၊ တပ်ဆင်ခြင်းနှင့် အခြားကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း (၁၈၂) ခု၊ ကျောက်တန်းစက်ရုံစုတွင် အကြီးစား၊ အလတ်စားလုပ်ငန်း (၁၃) ခုရှိကြောင်း ပြည်နယ် စက်မှုဇုန်များ၊ စက်ရုံစုများ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်သည့် အစည်းအဝေးမှ သိရသည်။

 

မွန်ပြည်နယ်အတွင်း စက်မှုဇုန်များ၊ စက်ရုံစုများ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် က (SME) လုပ်ငန်းများကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် စက်မှုဇုန်များ၊ စက်ရုံစုများ ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း၊ ဒေသထွက်ကုန်များ အဆင့်မြှင့်တင်နိုင်ရန်အတွက် အခြေခံအဆောက်အဦများ တည်ထောင်ပေးရန် လိုအပ်ကြောင်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဒေသထွက်ကုန်များ ပြည်တွင်းပြည်ပသို့ တင်ပို့နိုင်ရေးတို့နှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခေတ္တပြည်နယ် ဦးစီးမှူးက ပြည်နယ်အတွင်းရှိ စက်မှုဇုန်ဆိုင်ရာ အချက်အလက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်သူများက ဝိုင်းဝန်း ဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်