သမီးလေးနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို တောင်းဆိုလိုက်တဲ့ ဂျီဂျီဟာဒစ်

ကျော်ကြားတဲ့ အမေရိကန်မော်ဒယ်တစ်ဦးဖြစ်သူ  ဂျီဂျီဟာဒစ်ဟာ သူ့ရဲ့သမီးလေးဓာတ်ပုံကို ဖော်ပြရာမှာ မျက်နှာကို မမြင်သာစေဖို့အတွက် ဝါးပြီးဖော်ပြပေးဖို့ သတင်းထောက်တွေကို တောင်းဆိုခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျီဂျီဟာဒစ်က သူ့ရဲ့ သမီးဖြစ်သူ ခါဆီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့အနေနဲ့ မျက်နှာကိုဝါးပြီး ဖော်ပြပေးဖို့ သတင်းထောက်တွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျီဂျီဟာဒစ်က မီဒီယာတွေနဲ့ သူရဲ့ ပရိသတ်တွေကိုလည်း သမီးလေးရဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားကာကွယ်ပေးဖို့ သူ့ရဲ့ အိတ်ဖွင့်စာတစ်စောင်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစာမှာ ဂျီဂျီဟာဒစ်က သူ့ရဲ့ သမီးလေးက ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ရှိလာပြီဖြစ်တာကြောင့် မိဘတွေအနေနဲ့ သမီးလေးကို ပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ပေးလိုကြောင်း၊ သို့သော် မိဘတွေရဲ့ ကျော်ကြားမှုကြောင့် သမီးလေးဟာလည်း မီဒီယာတွေနဲ့ အများရဲ့ အာရုံစိုက်မှုခံရမှာကို စိုးရိမ်မိကြောင်းနဲ့ သမီးလေးရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ရာ တောင်းဆိုကြောင်းလည်း ထည့်သွင်းရေးသား ဖော်ပြခဲ့တာ တွေ့ရပါတယ်။

ဂျီဂျီဟာဒစ်နဲ့ ဗြိတိန်အမျိုးသားတေးဂီတအဖွဲ့ One Direction ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇေမာလိခ် တို့ဟာ ချစ်သူတွေအဖြစ် လက်တွဲခဲ့ပြီးနောက် လက်ရှိမှာ သမီးလေးတစ်ဦးရရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရင်သွေးလေးဟာ အသက် ၁၀ လခန့် ရှိပြီဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်