သမ္မတ ထရမ့်က ဗီဇာကန့်သတ်ချက်အသစ်များကို ထုတ်ပြန်ကြေညာမည်

ဝါရှင်တန်   ၂၂  ဇွန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမည့်ရက်ပိုင်းအတွင်း ဗီဇာကန့်သတ်ချက်အသစ်များကို ထုတ် ပြန် ကြေညာရန်ရှိကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။

အိုကလာဟိုးမားရှိ တာလ်ဆာ၌ လူထုစုဝေးမှုတစ်ခုမပြုလုပ်မီ တွေ့ဆုံ မေးမြန်းမှုတစ်ခုအတွင်း သမ္မတ ထရမ့်က ဗီဇာကန့်သတ်ချက်အသစ် ထုတ်ပြန်မှုနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကန့်သတ်ချက် အသစ်များနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြရန် သမ္မထရမ့်က ငြင်းဆန်ခဲ့သော်လည်း အသစ်ထုတ်ပြန်မည့် ဗီဇာ ကန့်သတ်ချက်များတွင် ကင်းလွတ်ခွင့်အချို့ ပါရှိမည်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

စီးပွားရေး လုပ်ငန်းကြီးများ အတွက် ကန့်သတ်ချက်အချို့ရှိမည် ဖြစ်ပြီး အချိန်ကာလကြာရှည်စွာ ဝင်ရောက်လာခဲ့ကြသည့် ပြည်သူအချို့အတွက် ကန့်သတ်ချက်များရှိ မည်ဖြစ်ကြောင်း၊ ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့် အနည်းအကျဉ်းလောက်သာ ရှိမည်ဖြစ်သည့်အပြင် ကန့်သတ်ချက်များမှာလည်း အတော်လေး တင်းကျပ်မည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု၌ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုကို ရင်ဆိုင်နေရချိန် ပြည်သူများ အလုပ်လက်မဲ့ ဖြစ်ပွားနှုန်း အလွန်မြင့်တက်နေမှုအပြင် စီးပွားရေးအကြီးအကျယ် ထိခိုက်လျက်ရှိရာ ယင်းအခြေအနေများကို အကြောင်းပြုကာ သမ္မတထရမ့်အနေဖြင့် ယခုနှစ်ပိုင်းတွင် ဗီဇာထုတ်ပေးမှုများကို ရပ်နားမည့် အမိန့်ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

ယခုလုပ်ဆောင်မည့် အစီအစဉ်သည် လူဝင်မှုကြီးကြပ်ရေးကို စည်းကမ်းတင်းကျပ်ရန် သမ္မတ ထရမ့်၏ နောက်ထပ်လုပ်ဆောင်ချက် တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း သမ္မတထရမ့်သည် ပြည်ပနိုင်ငံသားအချို့အတွက် အမေရိကန် ဂရင်းကတ် ထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့သည်။

အေအက်ဖ်ပီ