သမ္မတနန်းတော်နှင့် ကဘူးလ်မြို့လယ်ရှိ အစိုးရရုံးများကို တာလီဘန်တို့ သိမ်းပိုက်

ကဘူးလ် ဩဂုတ် ၁၆

 

အာဖဂန်နစ္စတန် အစိုးရတပ်များကို အနိုင်တိုက်ခိုက်နိုင်ပြီဟုတာလီဘန်တို့ကကြေညာခဲ့သည်။ အာဖဂန်သမ္မတ အက်ရှရက်ဖ်ဂါနီ သည်လည်း တိုင်းပြည်အတွင်းမှ ထွက်ခွာသွားပြီး ၎င်း၏ အစိုးရ အဖွဲ့မှာ ထိန်းချုပ်မှုများ ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။

 

တာလီဘန်များသည် ပြည်နယ် ၃၄ ခုအနက် ၃၁ ခုကို ထိန်းချုပ်နိုင်ပြီးနောက် ဩဂုတ် ၁၅ ရက်တွင် မြို့တော် ကဘူးလ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ တာလီဘန်များသည် သမ္မတနန်းတော်နှင့် ကဘူးလ်မြို့လယ်ရှိ အစိုးရရုံးများကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ဒေသခံ မီဒီယာများကပြောသည်။

 

တာလီဘန် ဒုတိယခေါင်း ဆောင် မူဘာအဗ္ဗဒူဂါနီဘရာဒါ ကလည်း ၎င်းတို့အနိုင်ရရှိခြင်း ဗီဒီယို ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်းမှ ထွက်ခွာသွားသော သမ္မတ အက်ရှရက်ဖ် ဂါနီကလည်း သွေးထွက်သံယိုမှုများကို ရှောင်ရှားရန် ထွက်ခွာသွားခြင်းကသာလျှင် အကောင်းဆုံး နည်းလမ်းဟု တွေးမိကြောင်း၊ တာလီဘန်များ အနိုင်ရရှိသွားကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။

 

တာလီဘန်များ မည်သို့အစိုးရအဖွဲ့ ဖွဲ့မည်နည်းနှင့် အစိုးရတပ်များနှင့် မည်သို့ငြိမ်းချမ်းရေးရယူ မည်နည်းဆိုသည်ကို အများက စိတ်ဝင်စားနေကြသည်။

 

အင်န်အိတ်ချ်ကေ