သမဝါယမတက္ကသိုလ်(စစ်ကိုင်း)တွင် အလုပ်အကိုင်ပြပွဲ (JOB FAIR 2018) ကျင်းပ

စစ်ကိုင်း  ၃၀ စက်တင်ဘာ 

အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရေးအတွက် ရည်ရွယ်၍ သမဝါယမတက္ကသိုလ် (စစ်ကိုင်း)တွင် အလုပ်အကိုင်ပြပွဲ (Job Fair 2018) ကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းအချိန်က သမဝါယမတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း( မန္တလေးတိုင်းဒေသကြီး ) မှ သိရသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲ (Job Fair 2018)  ကို မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း( မန္တလေးတိုင်းဒေသကြီး ) နှင့် သမဝါယမတက္ကသိုလ် ( စစ်ကိုင်း ) တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားကို သမဝါယမ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာ ဒေါ်မို့မို့ရီ၊ စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးညွှန့်ဇော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူ (၆၀ဝ) အား မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ဦးသူရိန်ငြိမ်းက ''လုပ်ငန်းခွင်ဘဝနှင့်ကျင့်ဝတ်'' ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ အလုပ်ကိုင်ရရှိရေးအတွက်ပူးပေါင်း လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်နဲ့ဆို ဒုတိယအကြိမ်မြောက် ရှိပါပြီး။ အခု လာရောက်ခင်ကျင်းပြသတဲ့ လုပ်ငန်း ၂၂ခုရှိပါတယ်။ Electronic ကုမ္ပဏီ ၊စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးကုမ္ပဏီ စတဲ့လုပ်ငန်းတွေ ပါပါတယ်။ခုလိုလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပြီး ကျောင်းသူကျောင်းသားတွေ အလုပ်အကိုင်ရရှိ စေလို့ ကျေနပ်မိပါတယ်။ နောက်နှစ်နောက်နှစ်တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ''ဟု သမဝါယမ တက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မို့မို့ရီက ပြောပြသည်။

အလုပ်အကိုင်ပြပွဲ (Job Fair 2018) တွင် Main Sponsorအဖြစ် Zar Ni Electronics, MMRD, U Kar Ka Company, Ah Yee Taung, Shan Shwe Tung, City Mart, AYA Bank တို့မှ ပါဝင်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း လုပ်ငန်း (၂၂ )ခုမှ ခင်ကျင်းပြသခဲ့ပြီး နောက်ဆုံးနှစ် ကျောင်းသူ၊ ကျောင်းသားများအား မိမိတို့စိတ်ပါဝင်စားသည့် လုပ်ငန်းများသို့ အလုပ်လျှောက်လွှာများရေးသား လျှောက်ထားခြင်း၊ လူတွေ့စစ်ဆေးဖြေဆိုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"သမဝါယမတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရစေဖို့ ပါမောက္ခချုပ်က ကမ်းလှမ်းလာလို့ ကျွန်တော်တို့အသင်းက ခုလို JobFair ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ Intenship Training ကို နောက်ဆုံးနှစ် ကျောင်းသားတွေရဲ့ ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်ကြားကာလမှာ လုပ်ခဲ့ပါတယ်။လာမဲ့စာသင်နှစ်မှာတော့ ပါမောက္ခချုပ်နဲ့ တိုင်ပင်ပြီး တတိယနှစ်နဲ့ နောက်ဆုံးနှစ်ရဲ့ကြားကာလမှာ လုပ်သွားမှာပါ။ နောက်ဘယ်တက္ကသိုလ်တွေက ဆက်သွယ်ဆက်သွယ် ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ ဘွဲ့ရပြီးတဲ့ ကျောင်းသူကျောင်းသားတွေ လုပ်ငန်းခွင် ရောက်ရေးအတွက် ကျွန်တော်တို့လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒီလို Job Fair ကျင်းပခြင်းဟာ ကျောင်းသူကျောင်းသားတွေအတွက် အလုပ်အကိုင်ရရှိသလို လုပ်ငန်းရှင်တွေအတွက် တကယ်လိုအပ်နေတဲ့ Skill Labour တွေကိုရရှိစေမှာ ဖြစ်တယ်။ အရည်အချင်းပြည့်မီတဲ့ လုပ်သားတွေရဖို့ရာအတွက် တက္ကသိုလ်တွေနဲ့လုပ်ငန်းရှင်တွေ ချိတ်ဆက်ထားဖို့လိုပါတယ်''ဟု မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးညွှန့်ဇော်က ပြောပြသည်။

အဆိုပါ ကျင်းပပြုလုပ်သော အလုပ်အကိုင်ပြပွဲ (Job Fair 2018) သို့ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ မေဂျာငါးခုမှ နောက်ဆုံး နှစ်ဖြေဆိုထားသော ကျောင်းသား၊ကျောင်းသူ ၆၀ဝ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

ကိုမင်း(အင်းတော်)