သန္ဓေတားဆေးများ အကြောင်း သိကောင်းစရာ

ရေးသားသူ Arkar Hein

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win. 

သန္ဓေတားဖို့အတွက် အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော နည်းလမ်းအများအပြား ရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းတစ်ခုဖြစ်တဲ့ ဆေးတောင့်တွေ ဖြစ်ပါတယ်။ ဒီသန္ဓေတားဆေးတွေကိုတော့ သောက်သုံးရတာဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ ၉၉.၉ ရာခိုင်နှုန်း အထိ ထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ ဒီသန္ဓေတားဆေးတွေဟာ လိင်မှတစ်ဆင့်ကူးစက်တဲ့ AIDS လို ရောဂါမျိုးကို မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) တွေကို ကာကွယ်လိုတယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေကို အသုံးပြုသင့်ပါတယ်။ သန္ဓေတားနည်းတွေထဲမှာ တော့ အီစရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတင် (progestin) ဟော်မုန်းတွေပါဝင်တဲ့ သန္ဓေတားနည်းတွေ ဖြစ်တဲ့ ကပ်ခွာနဲ့ မွေးလမ်းကြောင်းမှာ ထည့်သွင်းရတဲ့ ကွင်းတို့လည်း ရှိပါသေးတယ်။ 

ဟော်မုန်း သန္ဓေတားတွေ ဘယ်လို အလုပ်လုပ်သလဲ။

မျိုးဥအိမ်မှကြွေလာတဲ့ မျိုးဥတစ်လုံးဟာ အမျိုးသားရဲ့ သုတ်ကောင်နဲ့တွေ့ပြီး သန္ဓေအောင်တယ်ဆိုရင် ကိုယ်ဝန်ရတယ်လို့ ခေါ်ပါတယ်။ ဒီလို သန္ဓေအောင်သွားတဲ့ဥဟာ အမျိုးသမီးသားအိမ်ထဲမှာ တွယ်ကပ်နေပြီး သားအိမ်ထဲမှာ သန္ဓေသားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်ကို ရယူပါတယ်။ အမျိုးသမီး ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေက မျိုးဥအိမ်မှ မျိုးဥကြွေကျခြင်းကို ထိန်းချုပ်နိုင်ပြီး ခန္ဓာကိုယ်က သန္ဓေအောင်မျိုးဥ လက်ခံခြင်း ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ 

ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းတွေ ဖြစ်တဲ့ သန္ဓေတားဆေးတောင့်၊ ကပ်ခွာနဲ့ မွေးလမ်းကြောင်းဆိုင်ရာ ကွင်းတို့မှာ လူလုပ်အီစရိုဂျင်နဲ့ ပရိုဂျက်စတင် ဟော်မုန်းအနည်းငယ်စီ ပါဝင်ကြပါတယ်။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်ဟော်မုန်းတွေကို တားဆီးခြင်းဖြင့် သန္ဓေကို တားကြတာဖြစ်ပါတယ်။ သန္ဓေကို တားတယ်ဆိုတာ အကြောင်းရင်းများစွာစုပြီး တားရတာဖြစ်ပါတယ်။ ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေက မျိုးဥအိမ်မှ မျိုးဥကြွေကျခြင်းကို တားဆီးပြီး သားအိမ်ခေါင်းဆိုင်ရာ အကျိအချွဲတွေကို သုတ်ကောင်ဖြတ်ကူးဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် သားအိမ်အတွင်းက ဘေးအနားသားတွေကို ပြောင်းလဲလိုက်ခြင်းဖြင့် သန္ဓေအောင်ဥ တွယ်ကပ်လို့မရအောင် ပြုလုပ်ပြီးလည်း သန္ဓေတားကြလေ့ရှိပါတယ်။ 

ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေထဲမှာတော့ ဓမ္မတာစက်ဝိုင်းကို ပိုကြာစေတဲ့ Seasonale လို သန္ဓေတားဆေးတွေလည်းရှိပါတယ်။ Seasonale မှာ သာမန် သန္ဓေတားဆေးတွေလိုပဲ သာမန် ဟော်မုန်းတွေသာပါဝင်ပြီး သူက အချိန်ကြာကြာသောက်ရတာပဲရှိတာပါ။ Seasonale ဆေးတွေဟာ တစ်နှစ် အတွင်း ဓမ္မတာ ၁၃ ကြိမ်လာနေတာကို ၄ ကြိမ်သာ လာစေနိုင်ပါတယ်။ Seasonale တွေကို ၁၂ ပတ် တိတိ သောက်သုံးပြီးရင် အာနိသင်မပါတဲ့ ဆေးတွေကို ၁ ပတ်သောက်သုံးရပါတယ်။ အဲ့အချိန်ဟာ ဓမ္မတာလာတဲ့ အချိန်လည်း ဖြစ်ပါတယ်။ 

Mini ဆေးတောင့်တွေ ဆိုတာ ဘာလဲ။

Mini ဆေးတောင့်တွေမှာ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာပါဝင်ပြီး နို့ချိူတိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ၊ ပျို့အန်တတ်တဲ့ အမျိုးသမီးတွေနဲ့ အီစရိုဂျင်နဲ့ ဓာတ်မတည့်တဲ့ အမျိုးသမီးတွေ အများစု သောက်သုံးကြပါတယ်။ 

Mini ဆေးတောင့်တွေ ဘယ်လိုအလုပ်လုပ်သလဲ။

Mini ဆေးတောင့်တွေဟာ သုတ်ကောင်တွေ မျိုးဥဆီသို့ မရောက်အောင် သားအိမ်ခေါင်း အနားသားတွေကို ထူထဲလာစေခြင်းဖြင့် သန္ဓေတားပေးတာ ဖြစ်ပါတယ်။ ဒီဆေးထဲမှာပါဝင်တဲ့ ဟော်မုန်းဟာ သားအိမ်တွင်းရှိ အနားသားတွေကို မျိုးဥအိမ် မတွယ်ကပ်စေနိုင်စေရန် ပြောင်းလဲပေးနိုင်ပါတယ်။ ဒီဆေးတောင့်တွေက နေ့စဉ်သောက်သုံးရတဲ့ ဆေးတွေဖြစ်ပါတယ်။ 

Mini ဆေးတောင့်တွေက ဘယ်လောက်ထိရောက်မှုရှိလဲ။ 

Mini ဆေးတောင့်တွေကို မှန်မှန်ကန်ကန်နဲ့ ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဒီဆေးတွေဟာ ၉၅ ရာခိုင်နှုန်း အထိ သန္ဓေတားပေးနိုင်ပါတယ်။ ဒီနှုန်းဟာ သာမန်သန္ဓေတားဆေးတွေထက်တော့ ထိရောက်မှုနည်း ပါသေးတယ်။ 

သန္ဓေတားဆေးတွေက ဘယ်လိုပုံစံမျိုးလဲ။

သန္ဓေတားဆေးတွေကို ဆရာဝန်ရဲ့ ဆေးစာနဲ့သာဝယ်ယူလို့ရပြီး သာမန်သန္ဓေတားဆေးတောင့်တွေမှာ ဆေး ၂၁ လုံး (သို့) ၂၈ လုံး တိတိ ပါဝင်ပါတယ်။ ၂၁ ရက်သောက်ဆေးတွေမှာတော့ အာနိသင်အပြည့် ဆေး ၂၁ လုံးတိတိပါဝင်ပြီး ၂၈ ရက်သောက်ဆေးတွေမှာတော့ အာနိသင်အပြည့် ဆေး ၂၁ လုံးနဲ့ တကယ့် ဆေးနှင့် အသွင်တူသော်လည်း အာနိသင်မပါတဲ့ ဆေး ၇ လုံးပါဝင်ပါတယ်။ ဒီလို အာနိသင်မပါတဲ့ ဆေးတွေက ၂၈ ရက်ပြည့်တိုင်း ဆေးကဒ်အသစ်သောက်သုံးဖို့ မမေ့စေရန်အတွက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Seasonale ဆေးတွေမှာတော့ အာနိသင်ပါတဲ့ ဆေးတောင့် ၈၄ တောင့်ပါဝင်ပြီး အာနိသင်မပါတဲ့ ဆေး ၇ တောင့် တိတိပါဝင်ပါတယ်။ 

ဘယ်အချိန် သန္ဓေတားဆေးတွေကို သောက်သုံးရမလဲ။ 

ဘယ်အချိန်သောက်သုံးရမလဲဆိုတာ ဆရာဝန်ကို မေးမြန်းတာ အကောင်းဆုံးဖြစ်ပါတယ်။ သင့်အနေနဲ့ ဆရာဝန်က သောက်သုံးသင့်ပြီလို့ပြောတဲ့ရက်မှာ ဓမ္မတာလာနေတယ်ဆိုရင်တောင် ဘာပဲဖြစ်ဖြစ် သောက်သုံး လို့ရပါတယ်။ သင့်အနေနဲ့ နောက်ထပ် ဓမ္မတာကို ဆေးသောက်သုံးပြီး ၂၅ ရက်အကြာမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဆေးသောက်တဲ့အခါမှာ ကိုယ်သောက်နေကျအချိန်မှာပဲ ပုံမှန်သောက်သုံးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးသောက်မယ့်အချိန်ကိုတော့ မနက်စာမစားခင်ပဲဖြစ်ဖြစ်၊ အိပ်ယာမဝင်ခင်ပဲ ဖြစ်ဖြစ် သောက်သုံးတာက ပိုပြီးမှတ်မိလွယ်စေပါလိမ့်မယ်။ ကြာချိန်ပိုများတဲ့ Seasonale လို ဆေးတွေကတော့ ဓမ္မတာလာပြီး တနင်္ဂနွေမှာ သောက်သုံးရမှာ ဖြစ်ပါတယ်။ ဓမ္မတာက တနင်္ဂနွေနေ့မှာလာတယ်ဆိုရင်အဲ့နေ့မှာ စသောက်သုံးသင့်ပါတယ်။ အဲ့နောက်မှာ ၈၄ ရက် ဆက်တိုက် ဆေးကိုသောက်သုံးရမှာဖြစ်ပြီး ပြီးရင်တော့ ဆေးအမျိုးအစားပေါ်မူတည်ပြီး အာနိသင်မပါတဲ့ ဆေး ၇ လုံးပဲ ဖြစ်ဖြစ်၊ အီစရိုဂျင်သာပါတဲ့ ဆေးကိုပဲဖြစ်ဖြစ် သောက်သုံးရမှာ ဖြစ်ပါတယ်။ 

ဘယ်အချိန်မှာ သန္ဓေတားဆေးကဒ်ကို နောက်ထပ် စသောက်ရမလဲ။ 

သင် ပထမဆေးတောင့်ကို စသောက်ခဲ့တဲ့ရက်မှာပဲ နောက်ထပ်ဆေးကဒ်ကို စသောက်ရမှာဖြစ်ပါတယ်။ သင်က ၂၁ ရက်ဆေးကဒ်ကို သောက်သုံးမယ်ဆိုရင် သင်ဆေးကဒ်ကို သောက်သုံးပြီး ၇ ရက်အကြာမှာ ဆေးကဒ်သစ်ကို သောက်သုံးသင့်ပါတယ်။ သင်က ၂၈ ရက် ဆေးကဒ်ကို သောက်သုံးနေမယ်ဆိုရင် ပထမ ဆေးကဒ်မှ နောက်ဆုံးဆေး သောက်အပြီး နောက်ထပ်တစ်ရက်မှာ ဆေးကဒ်အသစ်ကို စသောက်သင့်ပါတယ်။ ဆေးသောက်သုံးတဲ့ အခါမှလည်း ဓမ္မတာမလာတာပဲဖြစ်ဖြစ်၊ လာနေတာပဲဖြစ်ဖြစ် ဆေးကဒ်အသစ်ကို အချိန်စာရင်းအတွင်း သောက်သုံးသင့်ပါတယ်။ 

သောက်ပြီးနောက် သန္ဓေတားဆေးတွေက ခန္ဓာကိုယ်တွင်းဘယ်လိုပြောင်းလဲစေလဲ။ 

စစသောက်သုံးခြင်း ပထမဆုံးလမှာ သန္ဓေတားဆေးတွေက ပုံမှန်အားဖြင့် ထိရောက်မှုရှိပေမဲ့ ဆရာဝန် တစ်ချို့က ပိုပြီးစိတ်ချရဖို့ တစ်ခြားသော သန္ဓေတားနည်းတွေဖြစ်တဲ့ ကွန်ဒုံးနဲ့ သုတ်သတ်ဆေးတွေကို တွဲသုံးဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ပထမဆုံးလ ပြီးသွားတာနဲ့ သင့်အနေနဲ့ သန္ဓေတားဆေး တစ်ခုတည်း ကိုသာ စိတ်ချလက်ချ အသုံးပြုလို့ရပါပြီ။

ဆေးသောက်ဖို့ မေ့သွားရင် ဘာဆက်လုပ်ရမလဲ။ 

သင်က သန္ဓေတားဆေးကို တစ်နေ့တွင်းမှာပဲ သောက်ဖို့ မေ့သွားတယ်ဆိုရင် အဲ့နေ့မှာပဲ သန္ဓေတားဆေးကို ချက်ခြင်းသောက်လိုက်ပါ။ သန္ဓေတားဆေးသောက်ဖို့ တစ်ရက်ကျော်သွားတယ်ဆိုရင်လည်း နောက်နေ့မှာ ဆေး ၂ လုံးသောက်လိုက်ပါ။ သန္ဓေတား ဆေးသောက်ဖို့ ၂ ရက်လောက်မေ့သွားတယ်ဆိုရင်လည်း သင် သတိရတဲ့နေ့မှာ ၂ လုံးသောက်လိုက်ပြီး နောက်ရက်မှာ ဆေး ၂ လုံးထပ်သောက်လိုက်ပါ။ ဒါဆိုရင် သင့်အနေနဲ့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။ တကယ်လို့ ၂ ရက်ထက်ကျော်ပြီး ဆေးသောက်ဖို့ မေ့သွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင်အနေနဲ့ တနင်္ဂနွေအထိ ဆေးတစ်လုံးကိုသာ ပုံမှန်သောက်သုံးပြီး အဲ့တနင်္ဂနွေရောက်ရင် ဆေးကဒ်ဟောင်းကို လွှင့်ပစ်ပြီး ဆေးကဒ်အသစ်ကို ပြန်စသောက်ရမှာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သန္ဓေတားဆေးသောက်ဖို့ မေ့သွားမယ်ဆိုရင် ဒီဆေးကဒ် မကုန်ခင်အချိန်အတွင်း တစ်ခြားသော သန္ဓေတားနည်း တစ်မျိုးမျိုးကို မှီဝဲသင့်ပါတယ်။ သင်အနေနဲ့ ဆေးသောက်ဖို့ မေ့သွားတယ်ဆိုတာနဲ့ သင့်မျိုးဥအိမ်က မျိုးဥကြွေကျဖို့ အခွင့်အလမ်းပိုများသွားပါပြီ။ ဒါကြောင့် သင်ကလည်းသောက်ဖို့ မေ့ခဲ့တယ်။ ဓမ္မတာကလည်း မလာဘူးဆိုရင်တော့ ကိုယ်ဝန်ရှိနေလားဆိုတာကို စစ်ဆေးသင့်ပါတယ်။ သင်က ဆေးကဒ်အကုန်လုံး သောက်သုံးခဲ့တာတောင် ဓမ္မတာ ၂ ကြိမ်ဆက်တိုက် မလာဘူးဆိုရင်တော့ ကိုယ်ဝန် ရှိနေလားဆိုတာကို စစ်ဆေးသင့်နေပါပြီ။ တစ်ချို့ဆေးတောင့်တွေ သောက်သုံးမယ်ဆိုရင် သင့်အနေနဲ့ ဓမ္မတာ လာမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဆေးမသောက်ခင်ဆရာဝန်နဲ့တိုင်ပင်ပြီး ဓမ္မတာမလာရင် ဘာတွေ ဆက်လုပ်ရမလဲဆိုတာကို မေးမြန်းထားသင့်ပါတယ်။ 

Mini ဆေးတောင့် (ပရိုဂျက်စတင် သာပါဝင်သောဆေး) တွေသောက်မယ်ဆိုရင် တစ်နေ့တာရဲ့ တူညီတဲ့ အချိန်တွင်းမှာပဲ သောက်ဖို့လိုပါလိမ့်မယ်။ သင့်အနေနဲ့ Mini ဆေးတောင့်တွေကို သောက်သုံးရမယ့် အချိန်ထက် ၃ နာရီအထက် နောက်ကျနေယ်ဆိုရင် ကွန်ဒုံး(သို့) ပဋိသုက္က (သုတ်သတ်ဆေး) တွေကို ထပ်ဆောင်းကာကွယ်တဲ့ အနေနဲ့ ၄၈ နာရီအတွင်း အသုံးပြုသင့်ပါတယ်။ 

သန္ဓေတားဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိလား။

သန္ဓေတားဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး အများစုကတော့ မပြင်းထန်ကြပါဘူး။ 

အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ 

 ပျို့အန်ခြင်း။ 

 ကိုယ်အလေးချိန် တက်ခြင်း။ 

 ရင်သားများတင်းပြီး နာကျင်ခြင်း။ 

ဓမ္မတာကြားကာလအတွင်း သွေးအနည်းငယ်ဆင်းခြင်း။ 

ဓမ္မတာ လာချိန် သွေးဆင်းမှုနည်းခြင်း။ 

စိတ်ပိုင်းဆိုင်ရာ အခြေအနေပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်။ 

ACHES လို့ အတိုကောက်ခေါ်လို့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ သိပ်အတွေ့မများပေမဲ့ ပိုပြီး ပြင်းထန်ပါတယ်။ သင်အနေနဲ့ ဒီလိုဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါလက္ခဏာတွေက ပြင်းထန်တဲ့ရောဂါတွေဖြစ်တဲ့ အသည်းရောဂါ၊ သည်းခြေအိတ်ရောဂါ၊ လေဖြတ်ခြင်း၊ သွေးခဲခြင်း၊ သွေးဖိအားများခြင်းနဲ့ နှလုံးရောဂါ ဖြစ်နေကြောင်းကိုပြသတဲ့ လက္ခဏာဖြစ်ပါတယ်။ ACHES လို့ အတိုကောက်ခေါ်တဲ့ ဘေးထွက်ဆိုးကျိုး တွေကတော့-

ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း (Abdominal pain)၊ 

ရင်ဘတ်ပိုင်း နာကျင်ခြင်း (Chest pain)၊ 

ခေါင်းအပြင်းအထန်ကိုက်ခြင်း (Headaches)၊

မျက်လုံးမှုန်လာခြင်း (Eye problems)၊ 

ခြေထောက်နဲ့ ပေါင်များရောင်ပြီး ကိုက်ခဲလာခြင်း (Swelling or aching in the legs and thighs)၊ 

ဘယ်အမျိုးသမီးမဆို သန္ဓေတားဆေးသောက်နိုင်လား။

အမျိုးသမီးအများစုအနေနဲ့ သန္ဓေတားဆေးတွေကို ဘေးကင်းစွာ အသုံးပြုလို့ရပါတယ်။ သို့ပေမဲ့ အသက် ၃၅ နှစ်အရွယ် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေကတော့ မသောက်သုံးသင့်ပါဘူး။ သင်ကဆေးလိပ် မသောက်ဘူးဆိုရင် သင့်အနေနဲ့ သွေးမဆုံးခင် ဟော်မုန်းနဲ့ပတ်သတ်တဲ့ သန္ဓေတားဆေးတွေကို အသုံးပြုသင့်ပါတယ်။ သင့်မှာ အောက်မှာဖော်ပြထားတဲ့ ဝေဒနာရှိနေမယ်ဆိုရင် ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေ မသောက်သုံးသင့်ပါဘူး။ 

 လက်မောင်း၊ ခြေထောက်၊ အဆုတ်တို့တွင် သွေးခဲခြင်း။ 

နှလုံး (သို့) အသည်း ရောဂါများဖြစ်ပွားခြင်း။ 

ရင်သား၊ သားအိမ်ကင်ဆာများဖြစ်ပွားခြင်း။ 

သွေးဖိအားမြင့်တတ်ခြင်း။ 

ခေါင်းမိုက်ခနဲ မူးသွားခြင်း။ 

သန္ဓေတားဆေးသောက်တဲ့အတွက် ခံစားရနိုင်တဲ့ တစ်ခြားအန္တရာယ်တွေလည်း ရှိပါတယ်။ တကယ်လို့ သင့် အနေနဲ့ ဒီလိုဝေဒနာတွေကို ခံစားနေရမယ်၊ သင့်ရဲ့ မိဘ၊ မွေးချင်းနဲ့ ကလေးတို့ကလည်း သွေးခဲခြင်း ဝေဒနာကို ခံစားနေရမယ်ဆိုရင် သန္ဓေတားဆေး သောက်သုံးသင့်လားဆိုတာ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ 

သန္ဓေတားဆေးသောက်ရင်း တစ်ခြား ဆေးဝါးတွေသောက်သုံးလို့ရလား။ 

ပဋိဇီဝဆေးဝါး တွေနဲ့ လေသင်တုန်း ဖြတ်ခြင်း ကိုတားဆီးပေးနိုင်တဲ့ ဆေးဝါးတွေက သန္ဓေတားဆေးတွေရဲ့ ထိရောက်မှုကို လျှော့ကျနိုင်ပါတယ်။ သင့်အနေနဲ့ သန္ဓေတားဆေးတွေအပြင် တစ်ခြားသော ဆေးဝါးတွေ သောက်သုံးနေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ 

သန္ဓေတားဆေးတွေသောက်သုံးရင် မှတ်ထားရမယ့် အချက်များ။

တစ်ခြားသော သန္ဓေတားနည်းတွေဖြစ်တဲ့ ပဋိသုက္က (သုတ်သတ်ဆေး) အမြုပ်တွေနဲ့ ကွန်ဒုံးတွေကို ဆေးသောက်ဖို့မေ့သွားရင် အလွယ်တကူအသုံးပြုဖို့ ဆောင်ထားပါ။ 

 သင်က နေရာတွေပြောင်းပြီး အိပ်တတ်သူတစ်ယောက်ဆိုရင် သင့်ရဲ့သန္ဓေတားဆေးကဒ်တွေကို အမြဲတမ်းသယ်သွားပါ။ 

သန္ဓေတားဆေးကို သောက်မယ်ဆိုရင် နေ့တိုင်း တူညီတဲ့အချိန်မှာပဲ ပုံမှန်သောက်သုံးပေးပါ။ သင့်အနေနဲ့ ကပ်ခွာသုံးမယ်ဆိုရင်တော့ ကပ်ခွာကို အပတ်စဉ်တိုင်း ပုံမှန်နေ့ရက်တွေမှာ လဲပေးဖို့ လိုပါတယ်။ သင်ဟာ မွေးလမ်းကြောင်းအတွင်း ထည့်သွင်းရတဲ့ ကွင်းသုံးနေမယ်ဆိုရင် ဒီကွင်းကို သုံးပတ်အကြာမှာ ဖယ်ထုတ်ဖို့လိုပြီး ၇ ရက်အကြာမှာ အသစ်တစ်ခု ထည့်သွင်းဖို့လိုပါတယ်။

ဆေးကုန်ခါနီးပြီဆိုရင် နောက်ထပ်ဆေးကဒ်တွေကို အဆင်သင့်ဝယ်ထားပါ။

သန္ဓေတားဆေးတွေ၊ ကပ်ခွာတွေနဲ့ မွေးလမ်းကြောင်း အတွင်းထည့်သွင်းတပ်ဆင်ရတဲ့ ကွင်းတွေ အားလုံးဟာ ဆေးဝါးတွေပဲ ဖြစ်တာကြောင့်သင်တစ်ခြား ဝေဒနာခံစားနေရလို့ ဆရာဝန်ထံ သွားရောက် ပြသတဲ့အခါ ဒီဆေးတွေ သောက်သုံးနေကြောင်း အရင်တိုင်ပင်ဖို့လိုပါတယ်။ 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"  

http://myanmardigital.news/sites/default/files/hello%2011_72.jpg