သင်္ဃန်းကျွန်း၊ တာချီလိတ်နှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈ ဇွန်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၇ ရက် ညနေ ၄ နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီးနှင့် ဗဟိုလမ်းမကြီးအနီးတွင် တွေ့ရှိသူ အောင်မျိုးသူ(ခ)အာကာ၊ စိုးမင်းထွန်း(ခ)ဆန်နီနှင့် မဆွေးရဲမ်မွဲ (ခ) မသီတာဝင်းတို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မဆွေးရဲမ်မွဲ နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အမှတ်(၃)လမ်း၊ တိုက်အမှတ်(၆၈၉)၊ ဒုတိယအထပ်ရှိ အခန်းအမှတ်(၂)အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့နံနက် ၁၀ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနားကျေးရွာအထွက်တွင် ရပ်ထားသည့် Toyota Hilux Revo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်မောင်း ကျဘိုရှဲ အားတွေ့ရှိပြီး  ကျအူနှင့် ကျခူတို့ ၂ ဦးမှာ တောအတွင်းသို့ ထွက်ပြေးသဖြင့် မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ အမ်-၂၁ တစ်လက်၊ ၎င်းကျည် ၇၁ တောင့်၊ ၉ မမပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခုနှင့် ၎င်းကျည် ၄၇ တောင့်နှင့် ငွေကျပ် ၃၀၃၉၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ,ဝ၀ဝ နှင့် ဘိန်းဖြူ ၂ ဒသမ ၄၅ ကီလိုတို့ ကိုလည်းကောင်း၊ ထို့အတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာရှိ မစန်းအေး(ခ)မကျိန်းကြူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၄၀ဝ  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား