သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၅

သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ သုမင်္ဂလာ လမ်းတွင် မင်းလှစိုး(ခ)အဖွာရ်အဒ် မောင်းနှင်ပြီး လှချို(ခ)အဒူရာမန်နှင့် ဝေဇင်(ခ)သော်ဇင်လတ် (ခ)အာလာဖတ်တို့ လိုက်ပါလာသည့် Vigo မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲတွင် ၎င်းတို့ ငှားရမ်းနေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ကျန်စစ်သားလမ်း၊ အိမ်အမှတ် (၁၇၀)ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)