သင်ကြားရေးအထောက်အကူပြု သရုပ်ပြလူနာတင်ယာဉ်တု လှူဒါန်းခြင်းအခမ်းအနားကျင်းပ

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် သင်ကြားရေးအထောက်အကူပြု ရွေ့လျားလေ့ကျင့်၊ သရုပ်ပြလူနာတင်ယာဉ်တု (Ambulance Simulator) လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရီမြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ဆေးရုံဝင်းအတွင်းရှိ အရေးပေါ်အသက်ကယ် သင်တန်းကျောင်း၌ ကျင်းပသည်။
 
အစီအစဉ်အရ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်က စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများကို လူနာတင်ယာဉ်များ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် သင်ကြားရေး အထောက်အကူပြု ရွေ့လျားလေ့ကျင့်၊ သရုပ်ပြလူနာတင်ယာဉ်တုကို လှူဒါန်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် လူနာတင်ယာဉ်များဖြင့် လိုက်ပါပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် သူများအနေဖြင့် ယာဉ်များပေါ်တွင် ပါရှိသည့် Medical Equipment & Accessories များကို ရင်းနှီးကျွမ်းဝင်ပြီး စွမ်းအားပြည့် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးတက္ကသိုလ်(၁) (ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ကျေးဇူးတင်စကား ပြောကြားသည်။
 
ထို့နောက် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် သင်ကြားရေးအထောက်အကူပြု ရွေ့လျားလေ့ကျင့်၊ သရုပ်ပြလူနာတင်ယာဉ်တု (Ambulance Simulator)ကို ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်က ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှထံ ပေးအပ်လှူဒါန်းပြီး တာဝန်ရှိသူများက Ambulance Simulator ကို လိုက်လံရှင်းလင်းပြသသည်။
 
စက်မှုဝန်ကြီးဌာနမှ ယနေ့လှူဒါန်းသည့် Ambulance Simulator တွင် Medical Equipment & Accessories (၂၆)မျိုး တပ်ဆင်ထားရှိသည့်အပြင် သယ်ယူရွှေ့ပြောင်းရာတွင် လွယ်ကူစေရန်အတွက် Steering System ၊ Brake System ၊ တွဲယူနိုင်ရန် Draw Bar နှင့် Eye Ring တို့ကို တပ်ဆင်ထားသည်။
 
အလားတူ စက်မှုဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများနှင့် ပရဟိတအသင်းအဖွဲ့များအတွက် လိုအပ်သော Ambulance မော်တော်ယာဉ်များကို Customer များ၏ လိုအပ်မှုအခြေအနေအတိုင်း မော်တော်ယာဉ်၊ Trimming Parts နှင့် Medical Equipment များဖြင့် စိတ်တိုင်းကျ တပ်ဆင်ထုတ်လုပ် ပေးသွားမည်ဖြစ်သည်။ 
 
(မောင်မင်းနိုင်)