‘သင်္ကြန်ဝေးဝေး’ ရုပ်ရှင်ဇာတ်ကား စကားဝိုင်းကျင်းပ

သင်္ကြန်ရင်ခုန်သံအစီအစဉ်

 

မှတ်တမ်း စန္ဒာမင်း (ပြန်/ဆက်)

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်းထားချိန်တွင် ပြည်သူများ အပန်းဖြေ ကြည့်ရှုနိုင်ရန်အတွက် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကို ထင်ဟပ်စေသည့် “သင်္ကြန်ဝေးဝေး” ရုပ်ရှင်ဇာတ်ကား၌ ပါဝင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အစီအစဉ်မှူးအဖြစ် အကယ်ဒမီ ဆွေဇင်ထိုက်၊ သင်္ကြန်ဝေးဝေး ရုပ်ရှင်ဇာတ်ကားရိုက်ကူးသူ အကယ်ဒမီ ညွန့်မြန်မာညီညီအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ စည်သူဒေါ်နွဲ့နွဲ့စန်းနှင့် ရုပ်ရှင်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည့် စီစဉ်သူ ဦးဝင်းကြည်တို့၏ ပါဝင်ဆွေးနွေးခဲ့မှုများကို ဖော်ပြလိုက်ရပါသည် -

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဒီနေ့သင်္ကြန်အမှတ်တရစကားဝိုင်းအတွက် ကျွန်မတို့ ရွေးချယ်လာတဲ့ ရုပ်ရှင်ဇာတ်ကားထုပ်လေးကတော့ "သင်္ကြန်ဝေးဝေး” ဖြစ်ပါတယ်။ ကျွန်မ ပထမဦးဆုံး ကိုညွန့်မြန်မာညီညီအောင်ကို မေးချင်ပါတယ်။ ဒါရိုက်တာကြီးက ဘာဖြစ်လို့ ဒီရုပ်ရှင်ကားထုပ်ကို သင်္ကြန်နဲ့တွဲပြီး ရွေးဖြစ်တာလဲ ဆိုတာလေးကို သိပါရစေ။

 

အကယ်ဒမီ ညွန့်မြန်မာညီညီအောင်။ ။ဘာဖြစ်လို့လဲ ဆိုတော့ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက ကိုဝင်းကြည်က သင်္ကြန်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားလေး ရိုက်ချင်တယ်ဆိုတော့ အဲဒီမှာ ကာတွန်း ကိုကျော်အောင်မော်ရဲ့ ကာတွန်းထဲက စာရေးဆရာ အဲဒီစာအုပ်လေးပြတယ်။ ကိုဝင်းကြည်နဲ့ တိုင်ပင်တယ်။ နောက် ကျွန်တော်ကိုယ်တိုင်ကလည်း သင်္ကြန်ကို မြတ်နိုးတယ်။ အဲဒါနဲ့ ဒီ "သင်္ကြန်ဝေးဝေး"ဆိုတဲ့ ရုပ်ပြဇာတ်လမ်းလေးကို ကျွန်တော် ရုပ်ရှင်ရိုက်ဖြစ်တာပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကျွန်မတို့အားလုံးက တစ်ခေတ်တစ်ခါတုန်းက ရုပ်ပြဇာတ်လမ်းတွေကို အားကိုးခဲ့ရတယ်။ ရုပ်ပြဇာတ်လမ်းက သိပ်ကောင်းလို့ရှိရင် သူ့ဆီမှာ ပါလာခဲ့တဲ့ ကာရိုက်တာကိုယူပြီးတော့ ရိုက်ခဲ့ရတဲ့ ခေတ်တစ်ခေတ်ကို ဖြတ်သန်းခဲ့ရပါတယ်။ စံရွှေမြင့်တို့ ဘာတို့ဆိုလည်း ဒီလိုမျိုးဖြစ်ခဲ့ပါတယ်။ အဲဒီကားထုပ်ကို ရိုက်ကူးဖို့အတွက် ရွေးချယ်တဲ့အခါမှာ ကျွန်မမြင်လိုက်တာကတော့ ဒါဟာ သိပ်ကိုမထူးဆန်းတဲ့ အမျိုးသားလေးနှစ်ဦးနဲ့ အမျိုးသမီးလေး တစ်ဦးရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အဲဒီထဲမှာမှ ကိုညီညီအောင်က Ending ရွေးထားတဲ့ အခါကျတော့ သင်္ကြန်ရဲ့ Concept တစ်ခုကို ထည့်ထားတဲ့အကြောင်းလေးလည်း ပြောပြပါဦး။ တန်ဖိုးထားမှုတွေ ပေါ့နော်။

 

အကယ်ဒမီ ညွန့်မြန်မာညီညီအောင်။ ။ ခုနက ပြောသလို ကျွန်တော်သင်္ကြန်ကို မြတ်နိုးတယ်။ နှစ်သက်တယ်။ အဲဒီအထဲက ကျွန်တော် ဘာကိုသွားပြီး သဘောကျသလဲဆိုတော့ အိန္ဒြာကျော်ဇင်က Ending မှာ ဆုံးသွားတယ်။ မွေးရာပါ နှလုံးရောဂါနဲ့။ အဲဒီတော့ အဆုံးလေးမှာ ပြောချင်တဲ့ Message လေးကို ကျွန်တော် အလွန်သဘောကျတယ်။ သူသင်္ကြန်တွင်းမှာ ဆုံးတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဗမာတွေရဲ့ ထုံးတမ်းစဉ်လာအရ နောက်နှစ်ကူးလို့ မရဘူးဆိုတော့ သင်္ကြန်တွင်းမှာပဲ အသုဘချရတယ်။ အသုဘချရင်းနဲ့ လွင်မိုးပြောတဲ့စကားလေးပါတယ်။ “သင်္ကြန်ကပဲငါတို့ကို ဝေးသွားတာလား။ ငါကပဲ သင်္ကြန်နဲ့ ဝေးတဲ့နေရာကို သွားရတာလား” ဆိုတာလေးကို သဘောကျတယ်။ အဲဒါကြောင့် သင်္ကြန်ဝေးဝေးဆိုတဲ့ ကား Title လေး ပေးဖြစ်တာပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဒါရုပ်ရှင်ထုတ်လုပ်တဲ့ လူတွေရဲ့ Creativity လို့ ခေါ်တာပေါ့နော်။ တကယ်တမ်းကျတော့ ဒီ Title ခေါင်းစည်းဟာ Message တစ်ခုခုနဲ့ ဒီဇာတ်လမ်းမှာ လာချိတ်နေရတယ်။ အလွန်မှသင့်တော်တဲ့ Title တစ်ခုဖြစ်တယ်လို့ ကျွန်မမြင်ပါတယ်။ အခု ကျွန်မ ကိုခန့်ကို မေးချင်ပါတယ်။ ကိုခန့်ကဒီမှာ မိန်းကလေးတစ်ယောက်ကို အမျိုးသားလေး နှစ်ယောက်ကနေ ပြိုင်ပြီးတော့ ကြိုက်ရတယ်။ အဲဒီ အချစ်ဇာတ်လမ်းလေးထဲမှာ ဘယ်လိုမျိုး အကြောင်းကြောင့်မို့လို့ ဒီ character ကို လက်ခံဖြစ်သလဲ ဆိုတာလေးကို သိပါရစေ။

 

အကယ်ဒမီ ခန့်စည်သူ။ ။ အဓိက ကတော့ကျွန်တော် သရုပ် ဆောင်စဖြစ်ကတည်းက သင်္ကြန်ကား အလွန်ရိုက်ချင်တယ်။ ဒါကိုယ့်ရဲ့ ဘဝမှာလည်း အမှတ်တရလေး၊ မှတ်တမ်းလေးတစ်ခုဖြစ်အောင်။ ဟိုးအရင်တုန်းကလည်း ရုပ်ရှင်တွေ ကြည့်တဲ့အခါမှာ သင်္ကြန်ကားတွေ ကြည့်ရင်း ကြည့်ရင်း တကယ်အားကျခဲ့တာ။ မင်းသား မင်းသမီးတွေ ခေတ်အဆက်ဆက် သင်္ကြန်ကားတွေ ရိုက်လာခဲ့တယ်။ ကိုယ့်လက်ထက်မှာလည်း သင်္ကြန်ကားလေး ရိုက်ချင်လိုက်တာ ဆိုပြီးတော့။ ရိုက်တဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် ရုပ်ရှင်ရိုက်ချင်တယ်။ ကျွန်တော်တို့ ခေတ်တုန်းကတော့ ဗီဒီယိုတွေပေါ့။ ဗီဒီယိုမှာ အထိုက်အလျောက်နာမည်ရမှပဲ ရုပ်ရှင်ကို ခေါ်ရိုက်တာကိုး။ အဲဒီတော့ ရုပ်ရှင်နဲ့ပတ်သက်ပြီး သင်္ကြန်ကား အမှတ်တရကို ရိုက်ကိုရိုက်ချင်တာ။ အဲဒီမှာ စိန်ဌေးက ကိုဝင်းကြည်ကလည်း ဒီကားလေးရိုက်ဖို့ ကျွန်တော့်ကို ပြောတယ်။ နောက် ကိုညီညီအောင်ကလည်း ကျွန်တော့်ရဲ့ လက်ဦးဆရာပါ။ ကိုညီကလည်း ဒီကားမှာတော့ ဒီလို Character လေးရှိတယ်၊ လုပ်မလားဆိုတော့ ကျွန်တော် အားတက်သရော လက်ခံခဲ့တာပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကျွန်မကြည့်လိုက်တဲ့အခါကျတော့ ကိုခန့်က ဟိုးအရင် ကြာလှပြီဖြစ်တဲ့ ရိုက်ထားတဲ့ ဇာတ်ကောင်မှာကို လုပ်တဲ့ Acting က ကျော်မထွက်သွားဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် နောက်ပိုင်းကားတွေမှာဆိုရင် နည်းနည်းကျော်တာတွေ တွေ့တယ်။ ဒီကားလေးကို အစောတုန်းက ရယ်စရာ မောစရာ ကားမျိုးဖြစ်မလားပေါ့။ သင်္ကြန်ဆိုတော့။ အဲဒီလို ကြည့်ရင်းကြည့်ရင်းကနေ ကိုခန့်ရဲ့ Serious ဖြစ်တဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရတာ ဒီအတွက်လည်း ကျွန်မ ချီးကျူးပါတယ်။

 

နောက် အမေ့ကိုလည်း မေးချင်ပါတယ်။ အမေ့အနေနဲ့ ဒီသင်္ကြန်ဝေးဝေးဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်တဲ့နေရာမှာ အမှတ်တရတွေ ပြောစရာတွေ ရှိမှာပါပဲ။ အဲဒီတော့ ကိုယ့်ရဲ့ Character ပေါ့လေ။ ဒီထဲမှာပါရတဲ့ သားကိုချစ်တဲ့ အမေတစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုမျိုး သရုပ်ဆောင်ခဲ့သလဲ ဆိုတဲ့အကြောင်းလေး ရှင်းပြပါဦး။ ။

 

အကယ်ဒမီ စည်သူနွဲ့နွဲ့စန်း။ ။ သင်္ကြန်ဆိုတာကတော့ အမှတ်တရတွေ အများကြီးပဲ။ ဒီအမှတ်တရလေးကတော့ သူ့နေရာနဲ့သူပေါ့။ ဒီဟာကတော့ ဒီအမှတ်တရပေါ့။ သင်္ကြန်ဆိုတာ သမီး ရည်းစားလေးချစ်တာ။ အမေတို့နဲ့ ဘာဆိုင်လို့လဲ၊ ခုအသက် ကြီးနေပြီပဲ။ သင်္ကြန်ဒိုးလေး တူးပို့တူးပို့ ကြားရင် အလိုလိုနေရင်း စိတ်ထဲက ကြွရွပြီးတော့ တစ်ခါတည်းကို ပျော်ပြီးကြည်နူးမိတာဆိုတော့ သူတို့လည်းပဲ ချစ်သူနှစ်ဦးဟာ ဖွင့်ချစ်လို့လည်း မရဘဲနဲ့ နောက် ချစ်သူဆုံးရှုံးသွားတဲ့အခါမှာ ဒီသင်္ကြန်ဒိုးလေးကြားရင် သူဘယ်လိုခံစားရမလဲ။ ဒီခံစား ချက်ကလေးကို ခံစားပြီးတော့ကို ကြည့်တာပါ။ နောက်တစ်ခုကလည်း ဒီထဲမှာ အမေက အမေကိုယ်တိုင်က နှလုံးရောဂါနဲ့ ဒီသားကို အသက်နဲ့ရင်းပြီး မွေးခဲ့ရတာဖြစ်တဲ့အတွက် ကိုယ့်သားလေးကိုလည်း နှလုံးရောဂါသည်ဇနီးရဲ့ ခင်ပွန်းအဖြစ် မကြည့်နိုင်တာ။ ဒီအခန်းလေးပါ။ ဒီကားလေးက အမှတ်တရ အများကြီး ရှိတယ်။ အမေတို့ မြိတ်ကို ဒီကားလေးနဲ့ပတ်သက်လို့ သွားကဖူးတယ်။ အဲဒီကားကို ပြမှာပေါ့။ ဒီရုံကို စပြီးတော့။ အဲဒီအချိန်တုန်းက မြိတ်သူမြိတ်သားတွေက လွင်မိုးဆို ပိုက်ဆံပေးကြည့်စရာလားဆိုပြီးတော့ မကြည့်ဘူးဖြစ်လို့ အမေတို့က ဝင်ကတာ။ အဲဒီတော့ ရုံဈေးနှုန်းမဟုတ်တော့ဘူး။ တစ်ယောက်ကို ကြိုက်တဲ့အတန်းကဝင် နှစ်ထောင်။ ရုံပြည့်ရုံလျှံ အားပေးတာပဲ သမီးရေ။ အမေတို့ ကပြီးတာနဲ့ ရုံပိတ်။ နောက်တစ်ခါ နေ့လယ်ပွဲ အမေတို့ကမယ် ရုံကြီးဖွင့် ကကြပြန်တာပဲ။ အဲဒီလို လုပ်ခဲ့တယ်။ အဲဒီက ဒေါ်ရင်ပိုတို့၊ ဦးကျောက်စိမ်းတို့လည်း သူတို့က အမေတို့ကို ဟိုတယ်ကြီးမှာကို ထားတာ။ ကိုဝင်းကြည်က ခေါ်တာ မဟုတ်ပါဘူး။ သူကခေါ်တာ သူ့ရုံနဲ့ တူပါတယ်။ ။

 

 

mdn

 

ဒါကြောင့်မို့လို့ သူတို့လင်မယားကိုလည်း အမေက အခုအချိန်အထိ မေတ္တာပို့ခဲ့ရပါတယ်။ အမေတို့အနေနဲ့ သင်္ကြန်ဆိုတာက အမှတ်တရအများကြီးပဲ သမီးရယ်။ ရှေ့တန်း စစ်မျက်နှာသွားတုန်းကလည်း သင်္ကြန်ပြီးခါနီးမှာ ရဲဘော်တွေနဲ့ သွားကတဲ့အခါမှာ သူတို့က တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့သီချင်းကို ဆိုပြီးတော့၊ အဲဒီတုန်းက ရဲဘော်လေးကလည်း ငယ်ငယ်ချောချောလှလှ၊ အမေတို့ ကလည်း ငယ်ငယ်ရွရွလှလှပေါ့လေ။ အဲဒီအချိန်တုန်းကတော့ သူက ပိတောက်ပန်းလေးခူးပြီး ပန်ပေးခိုင်းသေးတယ် အမေက။ နောက် လက်ကလေးတွဲပြီး လျှောက်သွားတယ်။ အမယ်လေး သူကလေ ကျွန်တော့်ရည်းစားနဲ့တူတာ။ အမေ့တစ်ကိုယ်လုံးမှာ အဲဒီကရှိတဲ့ ရဲဘော်တွေ ရည်းစားနဲ့ မတူတာကို မရှိဘူး။ ဒီလို အမှတ်တရလေး ရှိခဲ့တယ်။ ဒါပေမဲ့လို့ သူတို့ကလည်း ကြည်နူးပြီးတော့ တမ်းတတာပေါ့။ အမေကလည်း ဒါလေးက ငါ့မောင် အရွယ်လေးလည်းဖြစ်တယ်၊ ဒါမှ မဟုတ်ရင်လည်း ငါ့ချစ်သူအရွယ်လေး၊ တစ်ယောက်နဲ့တစ်ယောက် လက်တွဲပြီး ရင်ထဲက ကြည်နူးပြီးတော့ လျှောက်ခဲ့တာ၊ သွားခဲ့တာ။ သင်္ကြန်ဟာ အမှတ်တရသာ ပြောမယ်ဆိုရင် အမေက အမှတ်တရတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီသင်္ကြန် ဝေးဝေးကားလေးကို တီဗွီက ပြမယ်ဆိုတော့ သေချာခံစားပြီး ကြည့်လိုက်ပါ။ ခံစားကြည့်မယ်ဆိုရင်တော့ အပြည့်ပဲ။ မခံစားဘဲနဲ့ကြည့်မယ်ဆိုရင် အဓိပ္ပာယ်မရှိဘူး။ ဒီကားက ခံကိုခံစားကြည့်ရမှာ။ ကျွန်မတို့လည်း မနေ့ညက ပြန်ပြတော့ ဒေါ်နွဲ့နွဲ့စန်းရေ ဦးသိန်းနိုင်က ဒါလေးကို ကြည့်ပါဆိုတော့ ကြည့်တော့ ဦးသိန်းနိုင်တောင် ကျေးဇူးတင်ရသေးတယ်။ ဪ ဒါလေးက ဒီလိုလေးရိုက်ခဲ့ရှာတာကိုး။ ဒါရိုက်တာရဲ့ အစွမ်း အနုပညာရှင်တွေကလည်း သူ့နေရာနဲ့သူ ခွင်ပြည့်စံပြည့် လိုလေသေးမရှိဘူး။ လိုလေသေးကို မရှိဘူး။ ကြည့်ရတာ အရသာရှိတယ်။ ဘာတွေကွာခြားမှန်းကို မသိဘူး သမီးရယ်။ ကွာတော့ ကွာခြားနေတာပဲ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဟုတ်ကဲ့ပါ။ ဇာတ်လမ်းကိုလည်း သတိ ထားမိပါတယ်။ ဇာတ်အိမ်တည်တာ အချိုးအကွေ့တွေလည်း သတိထားမိပါတယ်။ ဒီထဲမှာပါလာတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်တွေပေါ်မှာ သရုပ်ဆောင်ထားတာတွေကိုလည်း တွေ့ရပါတယ်။ ဒါတွေအားလုံးဟာ Right Chemistry လို့ ခေါ်တာပေါ့။ ပေါင်းစပ်မှုတွေက သိပ်ကိုအချိုးအဟပ် တည့်သွားတဲ့ အခါကျတော့ ကားလေးက ကောင်းပါတယ်။ ကျွန်မတို့ မြန်မာ့ရုပ်ရှင်က ဟိုအရင် "မောင်တို့ချယ်ရီမြေ"တို့ ဘာတို့ ဆိုလည်း သင်္ကြန်တွင်းကြီးမှာ ကားကြီးနဲ့ Promotion သွားတဲ့ အလေ့အထ ရှိပါတယ်။ အခုလည်းပဲ အမေတို့တွေ ဒီသင်္ကြန်ဝေးဝေး ရုပ်ရှင်ကားအတွက် သွားပြီးတော့ Promotion လုပ်ပေးတယ်ဆိုတာလည်း တွေ့ရတာ နှောင်းလူတွေအတွက်လည်း မှတ်သားစရာဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ။

 

နောက် ကျွန်မအခု ကိုဝင်းကြည်ကို မေးကြည့်ချင်ပါတယ်။ ကိုဝင်းကြည်အနေနဲ့ ဒီရုပ်ရှင်ကား ထုပ်ကိုရိုက်ဖို့ ဘာဖြစ်လို့ Inspiration ရခဲ့တာလဲ ဆိုတာလေး သိချင်ပါတယ်။

 

ဦးဝင်းကြည်။ ။ ကျွန်တော်ကလေ အဲဒီတုန်းက ဗီဒီယိုလည်း တော်တော်များများ ရိုက်ပြီးပြီ။ ရိုက်ပြီးတဲ့အချိန်မှာ ကျွန်တော်လည်း သင်္ကြန်အမှတ်တရကားလေးလည်း ရိုက်ချင်တယ်။ အဲဒီတော့ ရုပ်ရှင်ကားကြီး ရိုက်မယ်ပေါ့။ ကျွန်တော်ဖတ်မိတဲ့ ကျော်အောင်မော် ရုပ်ပြ၊ ဇာတ်လမ်းက မိုးအိမ်သစ်၊ အဲဒီရုပ်ပြလေး ဖတ်မိတယ်။ ဖတ်မိတော့ ကျွန်တော်ကြိုက်တော့ ကိုညီညီအောင်ရေ ကျွန်တော်တို့ ဒါလေးရိုက်ရင် ကောင်းမလား၊ ကျွန်တော်တော့ ဒါလေးကြိုက်တယ်။ သင်္ကြန် အမှတ်တရလေးလည်း ဖြစ်တယ်။ ကိုညီညီအောင်ကလည်း အမြဲတမ်း နှလုံးသားနုနုလေး။ ရိုက်လိုက်ရင် အချစ်ကားတွေချည်းပဲ။ သူက အတော်ပေါက်တယ်။ အဲဒါနဲ့ ကိုညီညီအောင်နဲ့ ကျွန်တော် ဒီကားလေးကို စပြီးတော့ ရိုက်ဖြစ်ပါတယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကောင်းပါတယ်။ ကျွန်မတို့ ဇာတ်ညွှန်း ရေးတဲ့သူက ကိုမင်းခိုက်စိုးစန်နော်။ သူ့ရဲ့စကားလုံးတွေကလည်း ထိမိပါတယ်။ နုနုရွရွလေးတွေနဲ့ အချစ်ကို ခုခေတ်စကားနဲ့ပြောရင် သိပ်ရိုတာပဲ။ အဲဒီလိုမျိုးလည်းတွေ့ရပါတယ်။ နောက် သီချင်းတွေလည်း သိပ်ကောင်းတာပဲ။ ကိုဝင်းကြည် ဘာဖြစ်လို့ ဒီသီချင်းတွေ ရွေးဖြစ်လဲဆိုတာ ပြောပါဦး။

 

ဦးဝင်းကြည်။ ။ သီချင်းက ကိုညီညီအောင် ဒါရိုက်တာ ရွေးတာလေ။ ရွေးတာက ကိုညီညီအောင် ရွေးတာပါ။ အဲဒီမှာ သီချင်းက နှစ်ပုဒ်ထည့်ထားပါတယ်။ တစ်ပုဒ်က ဆောင်းဦးလှိုင် ရေးတယ်။ ဆိုတာက ဇော်ဝင်းထွဋ် ဒဏ်ရာရထား။ နောက်တစ်ပုဒ်ကတော့ ကျွန်တော်တို့ စပ်တာ။ တစ်သက်တာ အမှတ်တရဆိုတဲ့ သီချင်းလေးပါ။ ရေးတာကတော့ K Fet ရေးတာ၊ ဆိုတာကတော့ ကိုခင်မောင်တိုးပါ။ အဲဒါလေးလည်း အမှတ်တရပါပဲ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ တချို့ ရုပ်ရှင်ကားတွေကနောက်ပိုင်းမှာ ရေးပြီးသား၊ သွင်းပြီးသား၊ လွှင့်ပြီးသား သီချင်းတွေကို အဆင်သင့် Ready Made Package ယူသုံးတာရှိပါတယ်။ ဒီကားလေးကတော့ Ending အတွက် သက်သက်ကို ဇာတ်သိမ်းသီချင်းလေး ရေးခဲ့တာနဲ့ တူပါတယ်။

 

ကျွန်မအနေနဲ့ ဇာတ်လမ်းရဲ့ အသွားလေးကိုပြောကြည့် ချင်ပါတယ်။ ပထမဦးဆုံးတော့ သိပ်ကိုပဲ ချစ်ကြ၊ ခင်ကြတဲ့ သူငယ်ချင်းလေးနှစ်ယောက်ရှိတယ်။ အဲဒီနှစ်ယောက်ရဲ့ သင်္ကြန် scene လေးကလည်း သိပ်ကြည့်လို့ကောင်းတာပဲနော်။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် မုန့်လုံးရေပေါ်လုံးတဲ့နေရာမှာ ငရုတ်သီးလေး ထည့်ပြီးတော့ ကျွေးတာမျိုးကလေ၊ ဒါက တစ်ကမ္ဘာလုံးမှာ ကျွန်မတို့ ဆီမှာပဲရှိတဲ့ Culture ဖြစ်ပါတယ်။ ဒါလေးကိုလည်း အမှတ်တရတွေ့ရတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်လမ်း ရဲ့ အချိုးအကွေ့ပါ။ သူ့ရဲ့ ဇာတ်ကွက်ထဲမှာ ဝှက်ထားတဲ့ အကွက်တစ်ကွက်ရှိတာ၊ အဲဒီမိန်းကလေးမှာ နှလုံးရောဂါ ရှိတယ်ဆိုတာ။ အဲဒီဟာကို ဘယ်အချိန်မှာ ဖြေလိုက်မယ် ဆိုပြီးတော့ သတ်မှတ်မိတာလဲ။

 

အကယ်ဒမီ ညွန့်မြန်မာညီညီအောင်။ ။ ကျွန်တော်တို့ကတော့ သူ့ မူရင်းဇာတ် Frame လေးကလည်း ကောင်းတယ်။ ကောင်းတဲ့အပေါ်မှာ ကိုမင်းခိုက်နဲ့ တိုင်ပင်တယ်။ နောက်ကိုဝင်းကြည်နဲ့တိုင်ပင်တယ်။ တိုင်ပင်ပြီးတော့မှ ဇာတ်အတိုင်းကို ကျွန်တော်တို့ သွားလိုက်တာပါ။ အခုနပြောသလို သူ့မှာ မွေးရာပါ နှလုံးရောဂါရှိတယ်။ လွင်မိုးက အဲဒါကြောင့် ဖွင့်မပြောဘူး။ ဒါပေမဲ့ ကိုခန့်က ဖွင့်ပြောလိုက်တော့ အဲဒီမှာ သုံးပွင့်ဆိုင်ဇာတ်လမ်းလေး သွားလိုက်တာပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ မိန်းကလေးရဲ့ character သင်္ကြန်ဖြူပေါ့။ သူ့ရဲ့ Characterm က သိပ်ကိုခေတ်မီပါတယ်။ လူတစ်ယောက်ကို ငါတောင်ငူသွားချင်လို့ လိုက်ပို့ပေးပါဆိုတာ အဲဒီ ခေတ်ကာလတုန်းကဆိုရင် သိပ်ကိုစောတဲ့ Behaviour ဖြစ်ပါတယ်။ ဒီလိုမျိုး ခေတ်မီမီ ခေတ်ဆန်ဆန် ဖွဲ့စည်းထားခဲ့တဲ့ မိန်းကလေးဟာ တကယ်နောက်ဆုံးလည်းကျတော့ သူချစ်ရတဲ့သူကို ရွေးရဖို့ ခက်သွားတာပေါ့နော်။ အဲဒီအခန်းနဲ့ပတ်သက်လို့ ပြောပြပါဦး။

 

အကယ်ဒမီ ခန့်စည်သူ။ ။ဇာတ်ကားပုံစံကတော့ ဒါရိုက်တာတင်ပြထားတာ ဆရာကြီး ဦးအောင်သင်းပြောသလို။ ရယ်စရာ မောစရာလေးပေါ့။ ရှေ့မှာတော့ ရယ်စရာ။ နောက်မှာ မောစရာလေး ကပ်ပါလာတာ။ အဲဒီသဘောလေးပါ။ ကျွန်တော် ဒီနေ့ ဒီအချိန်အထိ ဒီဇာတ်ကားထဲက စွဲလမ်းတဲ့ Dialouge တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ “မျှော်လင့်ချက်ဆိုတာ အမြင့်ဆုံးမှာ ချိတ်ဆွဲထားရတာ။ ဒါပေမဲ့ မိုးကြိုးကလည်း အဲဒီအမြင့်ဆုံးကိုမှ ရွေးပစ်တာ။ ငါယုံသွားပြီ” တဲ့။ အဲဒီ Dialouge လေးကိုတော့ ကျွန်တော် ဒီနေ့ ဒီအချိန်အထိ မှတ်မိနေတုန်းပါပဲ။ ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဟုတ်တယ်၊ မှန်တယ်နော်။ ဒီ Concept က ကောင်းတဲ့သူတွေဆိုတော့ မြင့်မြင့်ကိုပဲ မျှော်လင့်ရတာပေါ့။ အဲဒီအထဲမှာ ကျွန်မ သတိထားမိတာက မင်းသားနှစ်ယောက်ပါ။ ကျွန်မတို့ တရုတ်ကားထဲမှာဆိုရင် အမြဲပြောတယ်လေ။ Protecganic and Enderganic ဆိုတာ လူကြမ်းနဲ့ ခေါင်းဆောင်မင်းသားနဲ့ နှစ်ယောက်ဟာ တံတားထိပ်မှာ အတူတူတွေ့တယ်။ အဲဒီလိုဟာမျိုးက နှစ်ကွက်တောင်ပါတယ်နော်။ ကိုလွင်မိုးနဲ့ နှစ်ယောက် စကားပြောကြတာ။ အဲဒါတွေကို အမှတ်တရလေး ပြောပြပါဦး။ ဘယ်လိုတွေ ရိုက်ခဲ့လဲဆိုတာ။

 

အကယ်ဒမီ ခန့်စည်သူ။ ။ အဓိကကတော့ အဲဒီတုန်းက ကျွန်တော် အနုပညာသက်ကတော့ ဒီလောက်ကြီး မရင့်သေးဘူး။ အဓိကကတော့ ဒါရိုက်တာပါ။ ကိုညီညီအောင်ကလည်း သူမကြိုက်မချင်း သေသေချာချာ ပြန်ရိုက်ပေးတယ်။ နောက် ကိုလွင်မိုးတို့ကလည်း တွဲခေါ်ပါတယ်။ နောက် အမှတ်တရက ကိုကင်းကောင်နဲ့လည်း တော်တော်ကို လက်တွဲပြီးတော့ သရုပ်ဆောင်ခဲ့ရတာပါ။ နောက် အူဝဲ ဆိုတာကလည်း သရုပ်ဆောင်ပိုင်းမှာ ပြောစရာမလိုဘူး။ ဒီကြားထဲမှာ ကိုယ်ညပ်မသွားအောင် အတော်ဂရုစိုက်ရတယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ တွေ့တယ်။ ကြိုးစားပြီးတော့လုပ်တာ။ ကျွန်မတို့ ရုပ်ရှင်ကျောင်းမှာ သင်တဲ့အခါကျရင် မင်းသား မင်းသမီး Acting Class တွေမှာဆိုရင် corner of the Eye လို့ ခေါ်တယ်။ မျက်လုံးရဲ့ထောင့်မှာပါ။ သူက Expression ပါရတယ်။ အဲဒါမျိုးတွေ အကုန်လုံးကို ကိုခန့်က ဒီကားထဲမှာ တွေ့ရပါတယ်။ ဒီအတွက်လည်း ကျွန်မ ချီးကျူးပါတယ်။ ။

 

နောက် အမေ့ကိုလည်း မေးချင်ပါတယ်။ အမေကတော့ အမြဲတမ်း ပေါက်ကွဲတာတို့၊ ဆူတာတို့ အခန်း တွေကတော့ ရိုက်နေကျပါ။ အဲဒီအချိန်မှာ တင်းတင်းမာမာနဲ့ ပြောရတာပေါ့။ သားလုပ်တဲ့သူကို နှလုံးရောဂါရှိတဲ့ အမျိုး သမီးလေးနဲ့ မပေးစားနိုင်ဘူးဆိုတဲ့ အကြောင်းကို ပြောတာပေါ့။ အဲဒီအခန်းကို ရိုက်တဲ့အချိန်တုန်းကရော ဘယ်လို အခက်အခဲတွေများ ရှိခဲ့ပါသလဲ။

 

အကယ်ဒမီ စည်သူနွဲ့နွဲ့စန်း။ ။အမေကဒီလိုအခန်းတွေပါရတာ ခေါက်ရိုးကြီး ကျိုးနေသလိုပဲ။ သိပ်တော့ ခက်ခဲမှု မရှိပါဘူး။ ဒါပေမဲ့ မင်းသားကိုလွင်မိုးတို့ကိုတော့ သတိထားကြည့်မိတယ်။ ကြည့်မိတော့ ဟိုတုန်းကဆိုရင် အမေကမောင်မောင်တာကို တော်တော် Crazy ဖြစ်တာ။ ချောတယ်၊ ယောက်ျားပီသတယ်။ အဲဒီခေတ်တုန်းကလည်း ကိုလွင်မိုးကို အမေက တော်တော်ကို ချစ်တာ။ ချစ်တော့ သူလုပ်တဲ့ Acting လေးတွေက အမေ့စိတ်ထဲမှာ ဘာမှကို အပြစ်ပြောစရာ မရှိဘူး။ လှည့်ကြည့်လည်း ကိုယ်ကကြိုက်နေတော့ လှနေတာပဲ။ ငုံ့နေလည်း လှနေတာပဲ။ အဲဒါမို့လို့ သူတို့ နှစ်ယောက် သရုပ်ဆောင်တဲ့အခါမှာ ကိုခန့်ကလည်း ပေါ့ပေါ့ပါးပါး သူမသိဘဲနဲ့။ သိမှ မသိတာ ဒီမိန်းကလေး အကြောင်းကို။ မသိတော့ သူကလည်း သူလိုချင်တာပဲ သိတယ်။ ဟိုကလည်း သိနေတဲ့အကောင်ဆိုတော့ စိုးရိမ်တွေ လွန်ကဲနေတာပေါ့။ လွန်ကဲနေတဲ့နေရာမှာ သူပြလိုက်တဲ့အပြက သူက နည်းနည်းလွန်ကဲနေတာ။ အဲဒီအထဲမှာ။ လွန်ကဲနေတော့ တချို့ ပရိသတ်နားမလည်နိုင်ဘူး။ ဒီရင်ထဲက ခံစားတာကို။ ဒါကြောင့်မို့လို့ ဒီကားကိုကြည့်ရင် ခံစားပြီးမှ ကြည့်ပါလို့။ မခံစားဘဲနဲ့ဆို ဘာမှ နားမလည်ဘူး။ သဘောက အမေတို့ ငယ်ငယ်က အမေက ပြောဖူးတယ်။ “ ဟဲ့ လူဆိုတာ ဆန်းပြားတဲ့စိတ်နဲ့ ဒီလိုထိရင် အဲဒီနေရာတင် ပူနေတာ ဒိတ်ဒိတ်နဲ့။ ဒီနားတင် ခုန်နေတာတဲ့။ မဆန်းပြားဘဲနဲ့ ထိရင် အဲဒီနေရာက ဒေါသတွေ ဖြစ်နေတာတဲ့”။ ဒီလိုပဲ သူက မြတ်နိုးတဲ့သဒ္ဓါပေါ့။ မြတ်နိုးစရာလေးပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကျွန်မတို့ကလည်းပဲအမေတို့လိုမျိုး အရှေ့ က အနုပညာရှင်ကြီးတွေ၊ စီနီယာကြီးတွေရဲ့ မေတ္တာနဲ့ လုပ်ကြ၊ ကိုင်ကြ၊ ရှင်သန်ကြရတာ ဖြစ်ပါတယ်။ ဒီအတွက်လည်းပဲ ကျွန်မတို့ ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ကိုဝင်းကြည်ကို ကျွန်မတစ်ခု မေးချင်ပါတယ်။ Ending Scene ကို ရိုက်တဲ့အခါကျတော့ ဟိုဘက်ဒီဘက် ပြတာပေါ့နော်။ နောက် အသုဘအခမ်းအနားလည်း တကယ်ရိုက်ထားတာ တွေ့တယ်။ အဲဒါအတွက် ဘယ်လို စီစဉ်ခဲ့လဲဆိုတာလေးလည်း ပြောပြပါဦး။

 

ဦးဝင်းကြည်။ ။အဲဒါကတော့ ရှုတင်မန်နေဂျာကစီစဉ်တာ။ ဒီအတိုင်းပဲ ရေတက် ရေကျလေး အိုးလေး မျှော်တဲ့အချိန်မှာ ရေကတက်လာပြီ တော်တော်ကို ပြေးယူရတယ်။

 

အကယ်ဒမီ ညွန့်မြန်မာညီညီအောင်။ ။ကျွန်တော်တို့ကအန္တရာယ်ကိုမသိ လိုက်ဘူး။ ကျွန်တော်တို့ သန်လျင်တံတား သွားတဲ့ဘေးမှာ ရေကျရင်ကျွန်းလေးပေါ်တယ်။ သောင်ပြင်လေးပေါ်တယ် သောင်ပြင်လေးမှာ အရိုးအိုးလေးယူပြီး မျှောတာ ရိုက်တယ်။ ကျွန်တော်တို့ကို အဲဒီ ကျွန်းပေါ်လိုက်ပို့တဲ့ လှေသမားက ဆရာတို့လှေပေါ်တက်တော့၊ ဒီကရေတက်တာမြန်တယ်တဲ့။ ကျွန်တော်တို့ကလည်း အဲဒီလောက် မြန်မယ်မထင်ဘူး။ ကျွန်တော်တို့က ရိုက်နေတာပဲ။ လွင်မိုးဆို ဒူးကျော်ကျော်လောက်အထိ ရေတက်တယ်။ နောက်ကျတော့ ဆရာတို့ အန္တရာယ်ရှိတယ် အန္တရာယ်ရှိတယ် ပြောတော့ ကျွန်တော်တို့ လှေပေါ်ရောက်လည်း ရောက်ရော ရေက ရင်စို့လောက်ဖြစ်လာတယ်။ ကျွန်တော်တို့ ထွက်တာမြန်လို့။ နို့မို့ရင် အန္တရာယ်ရှိနိုင်တယ်။ အဲဒါ အမှတ်တရလေးပေါ့။

 

ခုနစကားဆက်ပြောရရင်အန်တီစန်းပြောတဲ့စကား လိုပေါ့။ ဒီကားထဲမှာ ပြောချင်တာက လွင်မိုးက ဘာကြောင့်လဲဆိုတော့ ဒီကလေးမလေးက ရောဂါရှိတော့ အိမ်ထောင်ပြုလို့ မရဘူး။ ကိုခန့်ကကျတော့ မသိလို့ သုံးပွင့်ဆိုင်ဖြစ်သွားတဲ့ ဟာလေးပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဝှက်ထားတဲ့ဝှက်ဖဲက အဲဒါပဲပေါ့နော်။ ခုနက ပြောပြခဲ့တဲ့ အိုးလေးမျှော်တဲ့ အခန်းဆိုတာလည်း ဒါကျွန်မတို့သိပ်မသိလိုက်ရဘူး။ ကျွန်မတို့ ရုပ်ရှင်ရိုက်တဲ့သူတွေဆိုတာ တစ်ခါတလေကျရင် အန္တရာယ်ကြားကနေပြီးတော့မှ ကိုယ့်ရဲ့ တီထွင်မှုကို မဖြစ်ဖြစ်အောင် လုပ်ကြရတယ်။ ဇွဲလည်းပဲ အတော်ကောင်းမှ ဖြစ်ပါတယ်။ နောက် ကိုဝင်းကြည်ပြောသလိုပဲ ဒါဟာ ရှုတင်မန်နေဂျာ စီစဉ်တာပါဆိုတာကိုတော့ ကျွန်မကလည်း ရှင်းပြချင်ပါတယ်။

 

နိုင်ငံတကာမှာဆိုလို့ရှိရင် Producer ဆိုတဲ့ ထုတ်လုပ်တဲ့သူက အကုန်လုံးကို ဇာတ်ညွှန်းကို စပြီးတော့ Lock လုပ်ပြီးသွားပြီဟေ့ဆိုကတည်းကဒါ Production Design ကြီးကို စီစဉ်ရတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာတော့ များသောအားဖြင့် ရှုတင်မန်နေဂျာက ဒီ Role မှာ လာပြီးတော့ ယူရတာပေါ့နော်။ အဲဒီလို ယူတဲ့အခါမှာ Production Design က Professional မဖြစ်တဲ့အခါမှာတော့ ဟသွားတာတွေ အများကြီးရှိတယ်။ ။

 

အဲဒီတော့ ဒီသင်္ကြန်ဝေးဝေးဆိုတဲ့ ရုပ်ရှင်ကားနဲ့ ပတ်သက်လို့ လာရောက်ပြီးတော့ ပြောပြပေးတဲ့ ဒီက ပညာရှင်တွေအားလုံးကို ကျေးဇူးဥပကာရ အထူးပဲတင်ရှိပါတယ်ရှင်။ ကျွန်မတို့ ရုပ်ရှင်တွေရဲ့ နောက်ကွယ်က အကြောင်းတွေကိုလည်း သိရတယ်။ ရုပ်ရှင်ထဲမှာပါတဲ့ ကင်မရာရှေ့က လူတွေရဲ့ အကြောင်းတွေကိုလည်း သိရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကားလေးကို ကြည့်ရှုခြင်းအားဖြင့် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ ကျေးဇူးတင်ပါတယ်ရှင်။ ။