"သန့်ရှင်းစင်ကြယ်တဲ့ရေအိမ်တွေကို တို့တွေအတူတူ ဆောင်ရွက်ကြပါစို့"စီမံကိန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ၂၇   သြဂုတ် 

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်း (၃)ကျောင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သန့်စင်မေတ္တာ၏ "သန့်ရှင်းစင်ကြယ်တဲ့ ရေအိမ်တွေကို တို့တွေအတူတူ ဆောင်ရွက်ကြပါစို့" စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်းရှိ နှင်းဆီခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်များအဖြစ် သင်ကြားသင်ယူလေ့ကျင့် ပေးရာတွင် တစ်သက်တာသင်ယူနိုင်ရန်အတွက် သင်ယူခြင်းသည် အရေးကြီးပါ ကြောင်း၊ ထိုသို့သင်ယူနိုင်ရန် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကိုယ်ကာယ ကျန်းမာရန် အရေးကြီးပါကြောင်း၊ 

 

ကျန်းမာသန်စွမ်းရန် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည့် ရေအိမ် သန့်စင်ခန်းများ သန့်ရှင်းစင်ကြယ်မှသာ ကျန်းမာရေးကောင်းမွန်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ရေအိမ် သန့်စင်ခန်းများ သန့်ရှင်းနေရန် အရေးကြီးပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျောင်း(၃)ကျောင်းတွင် ကျင်းပသည့် သန့်ရှင်းစင်ကြယ်သည့် ရေအိမ်များ ဆောင်ရွက်ရေး စတင်ကျင်းပခြင်းသည် သန့်ရှင်းစင်ကြယ်သော ရေအိမ် သန့်စင်ခန်းများ၏ တန်ဖိုးကို အသိအမှတ်ပြုပြီး လိုအပ်လျက်ရှိသည့် အခန်းကဏ္ဍကို မီးမောင်းထိုးပြခြင်းပင်ဖြစ်ပါကြောင်း၊ 

 

နှစ်စဉ် နိုဝင်ဘာလ(၁၉)ရက်နေ့ကို World Toilet Day နေ့အဖြစ် နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC)တွင် ကျင်းပ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများမှ ကောင်းမွန် သန့်ရှင်းသော သောက်ရေ၊ သုံးရေများနှင့် သန့်ရှင်းသော ရေအိမ်သန့်စင်ခန်းများကို စနစ်တကျ ကျင့်သုံးသည့် အလေ့အကျင့်များရရှိပါက နေအိမ်ရှိ မိသားစုဝင်များအထိ ကောင်းမွန် သည့်အတွေ့အကြုံများကို မျှဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊

 

ကျောင်းများတွင်လည်း သန့်ရှင်းစင်ကြယ်သော ရေအိမ်သန့်စင်ခန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သန့်ရှင်းသော သောက်ရေ ကောင်းမွန်သော သုံးရေများအတွက် ပညာရေးဝန်ကြီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့က ရေတိုရေရှည်စီမံချက်များရေးဆွဲပြီး ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်သက်တာသင်ယူနိုင်သောလူငယ်များ ပြုစုပျိုးထောင်ရာတွင် ရေအိမ်သန့်စင်ခန်းများ သန့်ရှင်းရေးသည် အရေးကြီးသည့် အတွက် လုပ်ငန်းအောင်မြင်မှုရှိစေရန်အတွက် အားလုံးကဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့်ပြောကြားသည်။

 

ထို့နောက် သန့်စင်မေတ္တာမှ ဥက္ကဌ ဦးနေအုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်း ကျောင်း(၃)ကျောင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် သန့်စင် မေတ္တာ၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သန့်စင်မေတ္တာ၏ လုပ်ငန်းအစီအစဉ် ဗီဒီယိုမှတ်တမ်းအား ပြသသည်။

 

ယင်းနောက် သန့်စင်မေတ္တာမှ အတွင်းရေးမှူး ဒေါ်မွန်ဇာမျိုးအောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်း (၃)ကျောင်းတွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် သန့်စင်မေတ္တာ၏ စီမံကိန်းလုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အကောင်အထည်ဖော်ဆောင်ရွက် မည့် အထက်တန်း ကျောင်း(၃)ကျောင်းကိုယ်စား ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာမိုးသူက ကျေးဇူးတင် စကားပြောကြားသည်။

 

အဆိုပါ သန့်စင်မေတ္တာ၏ "သန့်ရှင်းစင်ကြယ်တဲ့ရေအိမ်တွေကို တို့တွေအတူတူ ဆောင်ရွက်ကြပါစို့" စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၊ အမှတ် (၆)အခြေခံပညာအထက်တန်း ကျောင်း (ဗိုလ်တထောင်)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (စမ်းချောင်း)တို့၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)