သန့်ရှင်းသောသောက်သုံးရေ သုံးစွဲရေး

နေပြည်တော် ၁ မေ

သန့်ရှင်းသောသောက်သုံးရေသည်

အနည်အမှုန်ကင်းရမည်။

ကျန်းမာရေးထိခိုက်စေသော ပိုးမွှားကင်းစင်ရမည်။

အရောင်အဆင်း အနံ့အရသာကင်းရမည်။

ဓါတ်သတ္တုများ ပါဝင်သင့်သည့် ပမာဏထက်မပိုရ။

ရောဂါပိုးပါသည့်ရေကိုသောက်သုံးမိသည့်အတွက်

ဝမ်းပျက်၊ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောဂါ၊ အသည်းရောင် အသားဝါးရောဂါ၊ပိုလီယိုရောဂါ စသည့် ဝမ်းနှင့်ပတ်သက်သည့်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

သောက်သုံးရေကို ညစ်ညမ်းစေသော ကြောင်းအရင်းများ

သောက်သုံးရေကန် စတင်တည်ဆောက်စဉ်က စနစ်တကျ မရှိခဲ့ခြင်း

သောက်သုံးရေကန်မှ ရေယူသုံးစွဲပုံစနစ် မှန်ကန်မှုမရှိခြင်း

သောက်သုံးရေကန် သန့်ရှင်းမှုရှိစေရန် သတိပေးနှိုးဆော်ချက်များကို လိုက်နာကျင့်သုံးမှု မရှိခြင်း

သောက်သုံးရေကန် အနီးဝန်းကျင်တွင် မစင်၊ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများရှိနေခြင်း

စနစ်တကျတည်ဆောက်ပြီးသော သောက်သုံးရေကန်များကို ရေရှည်ထိန်းသိမ်းပြုပြင်မှုမရှိခြင်း

သန့်ရှင်းစနစ်ကျသော သောက်သုံးရေတွင်းဖြစ်စေရန်အတွက် ရေတွင်းတူးရန် မြေနေရာကို ရွေးချယ်ရာ၌ မှန်ကန်မှုမရှိခြင်း

အညစ်အကြေးစွန့်ပစ်သောနေရာနှင့် ပေ(၅၀) ဝေးကွာပြီး မြင့်သောအပိုင်းတွင်ရှိရမည်။ အထူးသဖြင့် အိမ်သာ၊ အမှိုက်သရိုက်နှင့် ရေဆိုးများစွန့်ပစ်သည့်နေရာထက် မြင့်သော အပိုင်းတွင်ရှိရမည်။

ရေဝပ်ရေလျှံသောနေရာ လုံးဝ(လုံးဝ) မဖြစ်စေရ။

သောက်သုံးကန်သန့်ရှင်းရေးလုပ်ငန်းများ

ရေ ရယူသုံးစွဲပုံစနစ်

ရေကန်အတွင်းမှ ရေကို ရယူသုံးစွဲရန် ကန်ဘောင်ပြင်ပတွင် လက်နိုပ်တုံကင် တပ်ဆင်၍ ရေကန်အတွင်းသို့ ရေပိုက်ဆက်သွယ်ကာ ရယူသုံးစွဲနိုင်ပါသည်။

ရေကန်အတွင်းသို့ လူကိုယ်တိုင်ဝင်ရောက်၊ ခပ်ယူ၊ သယ်ဆောင်ခြင်း လုံးဝ မပြုလုပ်ရပါ။

ကလိုရင်ဆေးခပ်ခြင်း

ကလိုရင်းဓါတ်ငွေ့ကို ရေထဲသို့ပျံ့နှံ့သွားအောင် ပြုလုပ်ခြင်းသည် ရောဂါဖြစ်စေသည့် ပိုးမွှားများအား သေကြေပျက်စီးစေနိုင်သည့် နည်းလမ်းဖြင့် ထိန်းချုပ်ခြင်းဖြစ်သောကြောင့် သောက်သုံးရန် သင့်လျော်သော ရေကောင်းရေသန့် ရရှိခံစားရန်အတွက် ဆောင်ရွက်ပေးသော ရေသန့်စင်ရေး နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါသည်။

ရေတွင်းအသစ်တူးပြီးလျှင်၊ ရေတွင်းဆေးကြောပြီးလျှင်၊ ပြင်ပရေဝင်လျှင်၊ ဒေသအခြေအနေအရ ယခင်နှစ်များတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသည့် ကာလမတိုင်မီ၊ ဝမ်းလျှောရောဂါဖြစ်ပွားသည်/ ဖြစ်ပွားနိုင်သည်ဟု သံသယရှိသောအခါ၊ ရေတွင်းထဲသို့ ညစ်ညမ်းသော ရေဝင်ရောက်သည့်အချိန်နှင့် မိုးရွာပြီးသည့်အချိန်များတွင် ကလိုရင်းခပ်ပေးရပါမည်။ 

ရေအရည်အသွေးနှင့် ရေပမာဏကိုလိုက်၍ ဆေးခပ်ပေးရပါမည်။ နီးစပ်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

မြေသားကန်အတွင်းသို့ တိုက်ရိုက်ဆေးမခပ်ရပါ။ သိုလှောင်ထားသော ရေသိုလှောင်ကန်၊ စဉ့်အိုး၊ ရေပုံး စသည်များသို့ ဆေးခပ်ပေးရပါမည်။ လက်တူးရေတွင်းသို့ တိုက်ရိုက်ဆေးခပ်နိုင်ပါသည်။

ကလိုရင်းဆေးခပ်နည်း

ရေကန်ရှိ ရေဂါလန်ပေါင်း တွက်ချက်နိုင်ရန် ရေကန်၏ အလျား၊ အနံ(အချင်း)နှင့် ရေအနက်ကို ပေဖြင့် တိုင်းတာပါ။ ရေဂါလန်ပေါင်းကို လေးထောင့်ကန်အတွက် အလျား × အနံ × ရေအနက် × ၆.၂၅ ဖြင့်လည်းကောင်း၊ အဝိုင်းကန်အတွက် ၅ × အချင်း × အချင်း × ရေအနက်ဖြင့်လည်းကောင်း တွက်ရမည်။

ကလိုရင်း (၂၅-၃၅) ရာခိုင်နှုန်းပါသော ဘလိတ်ချင်းပေါင်ဒါကို အသုံးပြုပါက ရေဂါလံတစ်ထောင်လျှင် ဆေးမှုန့် အောင်စဝက်မှ တစ်အောင်စ (ဟင်းစတီးစားဇွန်း တစ်ဇွန်းမှ နှစ်ဇွန်း) နှုန်းဖြင့်လည်းကောင်း၊ ကလိုရင်း (၆၅-၇၀) ရာခိုင်နှုန်းပါသော ဘလိချင်းပေါင်ဒါကို အသုံးပြုပါက ရေဂါလံတစ်ထောင်လျှင် ဆေးမှုန့် ၄ပုံ၁ပုံ အောင်စမှ အောင်စဝက် (ဟင်းစားစတီးဇွန်း ဇွန်းဝက်မှ တစ်ဇွန်း)နှုန်းဖြင့် လည်းကောင်း ဆေးပမာဏကို တွက်ရမည်။

ထို့နောက် ရေပုံးတွင် လက်နှစ်လုံးခန့်လျှော့၍ ရေဖြည့်ပါ။ ခွက်ငယ်တစ်ခုတွင် လိုအပ်သောဆေးပမာဏကို ချိန်ထည့်ပြီး ရေအနည်းငယ်ကိုထည့်၍ မုန့်နှစ်ရည်ကဲ့သို့ ဖြစ်အောင်မွှေပါ။ ၎င်းဆေးဖျော်ရည်အား ရေဖြည့်ထားသော ရေပုံးထဲသို့ထည့်၍ သမအောင်မွှေပါ။

ရေပုံးကို ရေကန်ထဲသို့ (၂) ပေခန့် မြုပ်အောင်နှစ်ပြီး နေရာအနှံ့ နိမ့်ချည်မြင့်ချည်ပြုလုပ်ပါ။ ရေပုံးကို ပြန်ဆွဲတင်ပြီး ရေပုံးထဲမှရေကို ရေကန်ထဲသို့ ဖြေညှင်းစွာလောင်းချပါ။

ဆေးခပ်ပြီး မိနစ် (၃၀) အကြာတွင် ကလိုရင်းအကြွင်းအနံ့ရှိ၊ မရှိ စမ်းသပ်ပါ။ အကယ်၍ ကလိုရင်း အကြွင်းအနံ့မရှိပါက ပထမဆေးခပ်သည့်အတိုင်း ဆေးပမာဏတစ်ဝက်ခန့်ကို ထပ်ခပ်ပါ။ ကလိုရင်းအကြွင်း/အနံ့ရှိကြောင်း သိရှိပါက ကလိုရင်းဆေးခပ်ခြင်းပြီးမြောက်၍ အသုံးပြုနိုင်ပြီဖြစ်သည်။

သောက်ရေအိုးများတွင် အသင့်ဖျော်ထားသော ကလိုရင်းဆေးခပ်နည်း

ဘလိချင်းပေါင်ဒါဆေးမှုန့် ဟင်းစားဇွန်း(၂) ဇွန်းကို ရေတစ်လီတာဘူးနှင့် ဖျော်ပါ။

ရေတစ်ဂါလံတွင် ၎င်းဆေးဖျော်ရည်ကြည် လက်ဖက်ရည်ဇွန်း(၁) ဇွန်းနှုန်းဖြင့် သောက်ရေအိုးထဲသို့ ခပ်၍ သုံးပါ။ ဆေးရည်ခပ်ပြီး အနည်းဆုံး (၃၀)မိနစ်ကြာပြီးမှ သောက်သုံးသင့်ပါသည်။

ကလိုရင်းအကြွင်း(Chlorine residual)ရှိ/မရှိ စမ်းသပ်နည်း

နည်း(၁) အနံ့ခံနည်း - ဆေးအသုံးမပြုသော ပုံး၊ ခွက်၊ လက်ဖြင့် ရေကိုယူ၍ အနံ့ခံစမ်းသပ်ပါ။ အနံ့ရှိလျှင် အကြွင်းရှိသည်။

နည်း(၂) ကလိုရင်းဆေးခပ်ပြီး ရေတွင် ပိုတက်စီယမ်အိုင်အိုဒိုက် နှစ်ခဲ(သို့)သုံးခဲ ထည့်မွှေ၍ ထမင်းရည် ထည့်လိုက်လျှင် မိုးပြာရောင်ပြပါက အကြွင်းရှိပါသည်။

နည်း(၃) ခေတ်မီ ကလိုရင်းအကြွင်းအနံ့ စမ်းသပ်ခံကိရိယာများဖြင့်လည်း စမ်းသပ်နိုင်ပါသည်။

ရေကန်ကို သန့်ရှင်းခြင်း

ရေကန်အတွင်းရှိပေါင်းပင်၊ မှော်ပင်များကိုပုံမှန်ရှင်းလင်း ဖယ်ရှားပေးပါ။

လိုအပ်လျှင်ကန်ထဲရှိ ရေကိုထုတ်၍ ကန်ဆယ်ရမည်။ ဆယ်ရာတွင်အောက်ခြေမြေသား မပေါက်စေရန် သတိပြုပါ။

ထို့သို့ဆောင်ရွက်မှုများကို ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

လက်နှိပ်တုံကင်မှတစ်ဆင့် ရေကန်ပြင်ပ၌ ရေကျကန်ဆောက်လုပ်၍ ရေကိုရယူသုံးစွဲပါ။

သတိပေးဆိုင်းဘုတ်

“ ရေကန်အတွင်းသို့ ဝင်ရောက်ပြီးရေမခပ်ရ။”
 ဆိုင်းဘုတ်ကို လူအများမြင်သာသည့်နေရာတွင် စိုက်ထူထားရပါမည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN