သံသေတ္တာများကို တစ်နှစ်ပတ်လုံး ပြုလုပ်ရောင်းချသည့် ခေါင်းကွဲကျေးရွာ

တံတားဦး ၂၇  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ခေါင်းကွဲကျေးရွာမှာ ရှေးယခင်ကတည်းက သံဖြူလုပ်ငန်း လုပ်ကိုင်ကာ ဒေသအနှံ့ တင်ပို့ရောင်း ချလျက်ရှိသည်။ သံသေတ္တာနှင့် အခြားပစ္စည်းများကို ရွာလုံးကျွတ် စီးပွားဖြစ် လုပ်ကိုင်ကာ တင်ပို့ပေးလျက်ရှိပြီး ရွာလုံးကျွတ်နီးပါး သံဖြူပညာရှင်များစွာ ရှိနေသည်။ ခေါင်းကွဲကျေးရွာမှ သံသေတ္တာနှင့် သံဖြူပစ္စည်းများမှာ နာမည်ရပြီးလူကြိုက်များသည်။ 

အများစုမှာ သံသေတ္တာကို အားထားလုပ်ဆောင်ကြသည်။ ခေါင်းကွဲကျေးရွာထွက် သံသေတ္တာ ကုန်ချောများကို မန္တလေး၊ မိတ္ထီလာနှင့် အခြားမြို့ကြီးများသို့ တင်ပို့ပေးရသည်။  သံကုန်ကြမ်းနှင့် သွပ်ပြားအသစ်များကို မန္တလေးမြို့မှ တိုက်ရိုက်ဝယ်ယူကြရသည်။ အများအားဖြင့် သွပ်ပြားအထူနှင့် အပါး နှစ်မျိုးဝယ်ယူလုပ်ကိုင်ကြသည်။ သံဖြူလုပ်ငန်းရှင်တစ်ဦးလျှင် သံဖြူပညာရှင် ၁၀ ဦးကျော် ငှားရမ်း လုပ်ကိုင်ကြသည်။ သံတ္တောဈေးကွက်ကောင်းကာ  လုပ်ငန်းများ  တွင်ကျယ်လာပါက  သံဖြူပညာရှင် ၃၀   ကျော်အထိ ခေါ်ယူလုပ်ကိုင်ကြရသည်။

သံဖြူလုပ်ငန်း ဈေးကွက်ကို ဒေသအခေါ်အဝေါ်အားဖြင့် မကောင်းခြောက်လ ကောင်းခြောက်လဟု စကားပုံဖြင့်ပြောဆို သုံးနှုန်းတတ်ကြသည်။ ဈေးကွက်အေးသည့် ကာလတွင် သံသေတ္တာများ ကြိုတင်ပြုလုပ်ကာ လှောင်ထားလေ့ရှိသည်။ နှစ်စဉ် ဝါခေါင်လမှ တပိုတွဲလောက်အထိ ပုံမှန်ဈေးကွက်သာရှိပြီး  တစ်ပေါင်းလမှ ဝါဆိုလအထိ   ရောင်းအား ကောင်းလေ့ရှိသည်။ လက်ရှိကာလ ပွဲလမ်းသဘင် မရှိသည့်အတွက် ဈေးကွက်ကျဆင်းလျက်ရှိသည်။  သံသေတ္တာလုပ်ကိုင်ရာတွင် ပုံသဏ္ဍန် အရွယ်အစားလေးမျိုးအထိ လုပ်ကိုင်ကြသည်။

အတိုင်းအတာအားဖြင့် ၂၄ လက်မ၊ ၂၇ လက်မ၊ လက်မ ၃၀၊ ၃၃ လက်မ အရွယ်အစားများ ပြုလုပ်ရောင်းချကြသည်။ သံသေတ္တာ အထူအပါးပေါ်မူတည်ကာ ဈေးနှုန်းကွာခြားသွားတတ်သည်။ သံဖြူပညာရှင်တစ်ဦးလျှင် တစ်နေ့ သံသေတ္တာ ခုနစ်လုံးအထိပြီးစီးပြီး တစ်လုံးလျှင် ငွေကျပ်နှစ်ထောင် ကျပ်ရရှိသည်။ တစ်နေလျှင် ငွေကျပ် တစ်သောင်းကျော်ရရှိသည်။

လက်ရှိကာလ ကိုဗစ် - ၁၉  ဖြစ်ပွားနေသည့်အတွက် ဈေးကွက်ကျဆင်းကာ လှောင်ကုန်အဖြစ်သာ ပြုလုပ်နေရကြောင်းသိရသည်။

တိမ်တမန်