သံတောင်ကြီး၊ ပုသိမ်ကြီးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ 

နေပြည်တော် ၁၈  ဇူလိုင် 


သံတောင်ကြီးမြို့နယ်၊ ယာဒိုရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက သံတောင်ကြီးမြို့နယ်၊ ယာဒိုရဲကင်းစခန်းရှေ့၊ တောင်ငူ-လွိုင်ကော် သွား ကားလမ်းတွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ခရီးသည် အောင်မျိုးထက် ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃,၃၅၀  နှင့် မြန်မာငွေကျပ် ၃၉,၇၀၀ တို့ကိုလည်းကောင်း။


အလားတူ ဇူလိုင် ၁၆ ရက် ည ၁၁ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေး စခန်းတွင် ဖိုးလပြည့် မောင်းနှင်ပြီး သက်အောင်သူ လိုက်ပါလာသည့် DONGFENG အမျိုးအစားတွဲယာဉ်ကို ရှာဖွေရာ ငွေကျပ်သိန်း ၁,၄၁၀ တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ယာနိုက် ၂၃,၅၀၀ ကီလို ကိုလည်းကောင်း။


ထို့အတူ ယင်းနေ့ ည ၇ နာရီခွဲက တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ဟိုတယ်အနီးတွင် တွေ့ရှိသူ ငြိမ်းချမ်း(ခ)သားငယ် ကို ရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၆,၀၀၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား