သံတောင်ကြီးဒေသ ကရင်ရိုးရာအစားအစာ တာလပေါဟင်းချက်ပြိုင်ပွဲ

ဘားအံ ၉ မတ် 

 

တိုင်းရင်းသားများအလိုက် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများဖြစ်သည့် စာပေ၊ယဉ်ကျေးမှု၊ အဆို အက အရေး အတီး အနုပညာများ၊ ဝတ်စားဆင်ယင်မှုများ၊ အစားအစာများ အသီးသီးရှိကြသည်ဖြစ်ရာ တိုင်းရင်းသားအလိုက် ဓလေ့ထုံးတမ်းအစဉ်အလာများ မပျောက်ပျက်စေရေးနှင့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအစားအစာကို ဖော်ထုတ် အသိအမှတ်ပြုသည့်အနေဖြင့် ကရင်ပြည်နယ်မြောက်ပိုင်း သံတောင်ကြီးဒေသတွင် ကရင်ရိုးရာအစားအစာဖြစ်သည့် တာလပေါဟင်းလျာချက်နည်းပြိုင်ပွဲကို မတ် ၆ ရက်က သံတောင်မြို့ပသိချောင်းခန်းမ၌ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

 

ကရင်တိုင်းရင်းသားတို့၏ တာလပေါဟင်းလျာသည် ဆန်ကို အဓိကထားပြီး တောင်ပေါ်ဒေသထွက် အသီးအနှံများဖြင့် ပေါင်းစပ်ထည့်ဝင်ထားသည်။ ဆီမပါသဖြင့် ကျန်းမာရေးအတွက် သင့်တော်ကာ စားကောင်းသော အစားအစာ ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရသည်။

 

ကရင်ရိုးရာအစားအစာ တာလပေါဟင်းတွင် သင့်တော်ရာ တောင်ပေါ်ဒေသထွက် အသီးအနှံတစ်မျိုးစီသော်လည်းကောင်း၊ အသားခြောက်တစ်မျိုးစီသော်လည်းကောင်း၊ ငါးပိထည့်၍သော်လည်းကောင်း၊ ချက်လေ့ရှိပြီး ပါဝင်ချက်လေ့ရှိသောသီးနှံများမှာ ကြိမ်ခါးဖူး၊ လဲလူရွက်၊ မျှစ်၊ စွယ်တော်ရွက်၊ ဂေါ်ရခါးရွက်၊ခွေးတောက်ရွက်၊ ကျောက်ကပ်ရွက်၊ ခတ်ချိုရွက်၊ ဂေါ်ရခါးညွန့်၊ ပင်စိမ်းရွက်စသည်ဖြင့်လည်းကောင်း ခရု၊ အသားခြောက်၊ အသားစိုအမျိုးမျိုး (သို့မဟုတ်)ငါး၊ ငါးပိတို့အား သင့်တော်သလို ထည့်ဝင်ပြုလုပ် ချက်ပြုတ်စားသောက်သည့်ရိုးရာဟင်းလျာလည်းဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ ကရင်ရိုးရာ တာလပေါအစားအစာပြိုင်ပွဲတွင် သံတောင်ကြီးမြို့နယ် သံတောင်မြို့၊ လိပ်သိုမြို့၊ ဘောဂလိမြို့များမှ ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ရိုးရာအစားအစာနှင့် လျော်ညီခြင်းနူးနပ်မှု၊ ကျန်းမာရေးအတွက် သန့်ရှင်းမှု၊ အရသာနှင့် အာဟာရ စသည်ဖြင့် အမှတ်ပေးဒိုင်အဖွဲ့များက အကဲဖြတ်အမှတ်ပေးကြရာ ပထမဆုကို မိခင်မေတ္တာအဖွဲ့၊ ဒုတိယဆုကို ဘောဂလိအမျိုးသမီးရေးရာအဖွဲ့၊ တတိယဆုကို ပေလေဝေနှစ်ခြင်းအသင်းတော် အမျိုးသမီးအဖွဲ့တို့က ရရှိခဲ့ကြောင်းနှင့် ဆုများကို ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကြီးမှူးကျင်းပသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းနှင့် သံတောင်ကြီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ကလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လည်းကောင်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)