Southern နှင့် ရန်ကုန်အသင်း ရာသီပိတ်ပွဲတွင် အနိုင်ရ

၃၀ စက်တင်ဘာ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂၀) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ Southern နှင့် ရန်ကုန်အသင်း ရာသီပိတ်ပွဲတွင် အနိုင်ရခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက ရခိုင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းသည် ယခုပွဲရှုံးပွဲကြောင့် အဆင့် ၅ နေရာမျှော်လင့်ချက်အဆုံးသတ်ခဲ့ရပြီး အဆင့် ၆ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ Southern  အသင်းသည် ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်းမရှိသော်လည်း ရာသီပိတ်ပွဲကို အနိုင်ရလဒ်ဖြင့် ပိတ်သိမ်းနိုင်ခဲ့သည်။

 

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာသော်လည်း ပထမပိုင်းတွင် ရခိုင်အသင်းက ပိုဖိကစား နိုင်ခဲ့သည်။ ရခိုင်အသင်းသည် ပိုဖိကစားနိုင်သော်လည်း ဂိုးဖန်တီးမှုအပိုင်းတွင် အားနည်းသောကြောင့် ပထမပိုင်း တွင် ဂိုးမရခဲ့ဘဲ Southern အသင်းမှာလည်း ကစားပုံတည်မရဖြစ်နေ၍ ပထမပိုင်းတွင် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျနေသည်။

 

ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသော်လည်း ဒုတိယပိုင်းတွင် နှစ်သင်းပေါင်းသွင်းဂိုး လေးဂိုးအထိရှိခဲ့သည်။ ၄၆ မိနစ်တွင် ချမ်းငြိမ်းက ထောင့်ကန်ဘောကိုခေါင်းတိုက်ပြီး Southern အတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ 

 

ဂိုးရပြီးနောက်ပိုင်းတွင် Southern အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၅၇ မိနစ်တွင် ဖြိုးပိုင်စိုးက အဝေးကန်ချက်ဖြင့် ဒုတိယဂိုးရယူခဲ့သည်။ မိနစ် ၆၀ တွင် အလက်ဇန္ဒားက ရခိုင်အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းသော်လည်း Southern အသင်းကစားကွက်ပျက်မသွားဘဲ အနိုင်သေချာစေမည့် တတိယဂိုး ၆၉ မိနစ်တွင် အောင်မြတ်သူက သွင်းယူခဲ့သည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက အားကာသိပ္ပံအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်သင်းစလုံးအတွက် အဆင့်ရပ်တည်မှုအပြောင်းအလဲမရှိနိုင်သော်လည်း အားကုန်ထုတ်ကစားခဲ့ပြီး အသင်းကြီး ရန်ကုန်အသင်းက ဂိုးပြတ်အနိုင်ရခဲ့သည်။

 

ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ၁၂ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ရန်နိုင်ဦး၊ ၂၉ မိနစ်တွင် အီစိုး၊ ၄၂ မိနစ်တွင် ကြည်လင်း၊ ၄၅၊ ၅၈ မိနစ်တွင် ဘာဖိုနှင့် ၈၄ မိနစ်တွင် စိုးမင်းနိုင်တို့က သွင်းယူခဲ့သည်။ အားကာသိပ္ပံ အတွက် ချေပဂိုးကို မိနစ် ၃၀ တွင် ဘန်ထောင်ကျဲအိုက သွင်းယူခဲ့သည်။

 

ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည့် ရန်ကုန်အသင်းခေါင်းဆောင် ရန်အောင်ကျော်သည် ယခုပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခဲ့ပြီး နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့သည်။

 


ပြိုင်ပွဲနောက်ဆုံးနေ့ကို အောက်တိုဘာ ၁ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် ရတနာပုံအသင်း၊ သုဝဏ္ဏကွင်း၌ ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်