သပိတ်ကျင်းမြို့နယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ဘုန်းကြီး ၂ ပါး နှင့် လူ ၁၁ ဦးသေဆုံး

မန္တလေး ၅ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊  ကျောက်ကြီးရွာအနီး တောင်အဆင်းလမ်းတွင် နိုဝင်ဘာ ၅ ရက် နံနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဘုန်းကြီး ၂ ပါး နှင့် လူ ၁၁ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) က သိရသည်။

သေဆုံးသူများတွင် သံဃာတော် နှစ်ပါးအပါအဝင် ကျား (၃) ဦး နှင့် မ ၁၀ ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ (၂၇) ဦးရှိကာ ဆေးရုံတင်ပို့မှုများ ဆောင်ရွက်နေကြောင်းသိရသည်။

" ဘုရားဖူးထွက်လာတဲ့ကားပါ။ အဲဒီနားက အဆင်းကော အကွေ့ကောရှိတယ်။ နှစ်စီးလာတာပါ တစ်စီးက မှောက်တယ် တစ်စီးက ဘီးချော်သွားတာပါ။" ဟု သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က ပြောသည် ။

ယာဉ်တိမ်းမှောက်သော အဖွဲ့သည် မော်လမြိုင်မြို့မှ ဇလုံတောင်အနီးသို့ ကထိန်ခင်းရန် လာသော ဟိတဓရ ဓမ္မစကူး အဖွဲ့ ဖြစ်ကြောင်း သိရသည် ။

စဉ့်ကူး၊ သပိတ်ကျင်းနှင့် ရွှေဘိုတို့မှ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ အားလုံးပူးပေါင်းကာ လူနာများအား ကယ်ဆယ်ခြင်း နှင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား သယ်ထုတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

သူရိန်လင်း