သပိတ်ကျင်းမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အိမ်ထောင်စု(၅)စုအား ရေလွတ်ရာသို့ ပြောင်းရွှေ့ရန်စီစဉ်ထားရှိ

သပိတ်ကျင်း  ၂၂   ဇူလိုင်

 

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် သပိတ်ကျင်းမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေများ စတင်ဝင်ရောက်လာပြီး ရေဝင်အရပ်ရှိ နေထိုင်ရန်အခက်အခဲဖြစ်ပေါ်နေသည့် အိမ်ထောင်စု(၅)စုအား ယာယီတဲများ ယမန်နေ့က ကြိုတင်ဆောက်လုပ်ပေးထားကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ ဇီးကျွန်းရပ်ကွက် အနိမ့်ပိုင်းအရပ်များတွင် မြစ်ရေများစတင်ဝင်ရောက်လာပြီး မိသားစုဝင်များနှင့်သက်ကြီးရွယ်အိုများ ဆက်လက်နေထိုင်ရန် အခက် အခဲဖြစ်ပေါ်လာနိုင်ကြောင်း အိမ်ထောင်စု(၅)စုဝင် မိသားစုများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ လာရောက် အကြောင်းကြားလာသဖြင့် ဆိပ်ကမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီမြင့်နှင့်ပရဟိတလူငယ်အဖွဲ့များ၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ အဆိုပါမိသားစုများနေထိုင် ရန်အတွက် ရေဘေးကင်းလွတ်ရာတွင် ယာယီရွက်ဖျင်တဲများ ကြိုတင်ဆောက်လုပ်ပေးထားခဲ့ပြီး၊ အမှတ် (၁) တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးလွင်နှင့် တာဝန်ရှိသူများမှ ရပ်ကွက်အတွင်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သပိတ်ကျင်းမြို့ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၁၄၈၀)စင်တီမီတာဖြစ်ပြီး၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့တိုင်းတာချက်အရ (၁၃၉၆)စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

 

စိုးနိုင်ဝင်း(သပိတ်ကျင်း ပြန်/ဆက်)